Monday, January 6, 2014

ALP, ALD, RNDP ခေါင်းဆောင်တို့၏ နှစ်သစ် နုတ်ခွန်းဆက်စကား

၂၀၁၄ ခုနှစ် နှစ်သစ်ကူး အခါသမယမှာ ရခိုင်တော်လှန်းရေးနဲ့ နိုင်ငံရေး ပါတီ အသီးသီးက ခေါင်းဆောင်အချို့ရဲ့ ရခိုင်ပြည်သူများသို့ နှစ်သစ်ကူး နုတ်ခွန်းဆက်လွှာတွေကို နိရဉ္စရာက ဖေါ်ပြ ပေးလိုက်ပါတယ်။
Khaing-Soe-Naing-Aung-
ဦးခိုင်စိုးနိုင်အောင် – ဒုဥက္ကဌ- ရခိုင်ပြည်လွှတ်မြှောက်ရေးပါတီ (ALP)
- နှစ်သစ်မှာ မင်္ဂလာစကားပြောကြားလိုတာကတော့ ——-
(၁) နှစ်သစ်မှာ ကျွန်တော်တို့ ရခိုင်ပြည်သူပြည်သားတွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့ အရာရာသောလိုအင် ဆန္ဒပြည့်ဝကြပါစေလို့ ပထမဆုံး ပြောကြား လိုပါတယ်။
အခြားပြောလိုတာကတော့ ဒီနေ့ဒီမိုကရေစီလမ်းကြောင်းကို သမ္မတဦးသိန်းစိန်အစိုးရက တစုံတရာဖော်ဆောင် နေတဲ့အချိန်ကာလမှာ ရခိုင်ပြည်သူတွေလည်း ညီညီညွတ်ညွတ်နဲ့ ကိုယ့်အခွင့်အရေးအတွက် တိုက်ပွဲဝင်ကြပါလို့ ပြောလိုပါတယ်။ ရခိုင်ပြည်ဟာ သမိုင်းနဲ့ ဖြစ်ပေါ်လာ တဲ့ နိုင်ငံဖြစ်ပါတယ်။ သမိုင်းနဲ့ဖြစ်ပေါ်လာတဲ့နိုင်ငံဖြစ်တဲ့အပေါ်မှာ ကမ္ဘာကြီးပြောင်းလဲနေမှုနဲ့ လိုက်လျှောဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ်မှာ ဟန်ချက်ညီညီ ကိုယ့်အခွင့်အရေးရအောင် တိုက်ပွဲဝင်ကြပါလို့လည်း ပြောလိုပါတယ်။
အမျိုးသားရေးအနေနဲ့ကတော့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူခွင့်ဟာ သိပ်အရေး ကြီးပါတယ်။ ရခိုင်ပြည်မှာ ရခိုင်ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်တဲ့ ရခိုင့်တပ်မတော်ကြီးနဲ့ ရခိုင်အမျိုး သားတွေရဲ့ အမျိုးသား လက္ခဏာမပျောက်ဖို့ ရခိုင်ပြည်သူတွေနဲ့ ၀ိုင်းဝန်းပြီး ကာကွယ်စောင့်ရှောက်ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
U_Aye_Thar_Aung
ဦးအေးသာအောင် – ဥက္ကဌ- ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)
- အခုတော့ ၂၀၁၃ ကုန်ပြီး ၂၀၁၄ ကိုဝင်ရောက်လာပြီ ၀င်ရောက်လာတဲ့အချိန်မှာ ရခိုင် ပြည်သူပြည်သားများနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး စိတ်ချမ်းသာကိုယ်ချမ်းသာ ဘေးဒုက္ခ အပေါင်းက ကင်းဝေးစေဖို့ ဆုတောင်းမင်္ဂလာပို့သလိုက်ပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်မှာဆိုရင် ကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေအားလုံးကို ရခိုင်ပြည်သူပြည်သားများနဲ့တကွ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေပေါင်းစည်းပြီး ဒီအခက်အခဲတွေကို ဖြေရှင်းကျော်လွားနိုင်ဖို့အရေးကြီးပါတယ်။ အားလုံး စုပေါင်းညီညာပြီး စုပေါင်းဖြေရှင်းကြဖို့အတွက် အထူးတိုက်တွန်းလိုပါတယ်။
အထူးသဖြင့် အခုလိုနှစ်သစ်ကို ပြောင်းလာတဲ့အချိန်မှာ ရခိုင်ပြည်မှာကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အားလုံး ချွတ်ခြုံကျနေတဲ့ အခြေအနေတွေကို တိုးတက်ပြောင်းလဲ သွားအောင် အားလုံးစုံပေါင်းညီညာတဲ့အားနဲ့ တည် ဆောက်ကြဖို့အတွက် တိုက်တွန်းလိုပါတယ်။
ရခိုင်ပြည်နယ်မှာ ဒီလို ဘက်စုံချွတ်ခြုံကျနေရတဲ့ အခြေအနေဟာ ကိုယ့်ပြည်နယ်ကို ကိုယ်အုပ်ချုပ်ခွင့် မရ၊ ကိုယ့်ပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်မရှိ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် မရဘဲ ဖြစ်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ နောက်လာမယ့် အချိန်မှာ ကိုယ့်ပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့ ၊ ကိုယ့်ပြည်နယ် ကိုယ်ပြဌာန်း ခွင့်ရဖို့နဲ့ ကိုယ့်ကံကြမ္မာပြဌာန်းခွင့်ရဖို့အတွက် အားလုံးအားလုံး ၀ိုင်းဝန်းကြိုး ပမ်းကြဖို့လိုပါတယ်။ အဲဒီလို ကြိုးပမ်းတဲ့အခါမှာ ဒီပြဿနာ ဒီကိစ္စတွေကိုဖြေရှင်းနိုင်ဖို့ကိစ္စသည် ၂၀၀၈ ဖွဲ့စည်းပုံကို တနည်းနည်းနဲ့ ပြင်ဆင်ဖို့လိုအပ်တယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ အားလုံး ၀ိုင်းဝန်းကြိုးပမ်းဖို့ လိုတယ်လို့ ပြောကြားလိုပါတယ်။
Dr-Aye-Maung
ဒေါက်တာ အေးမောင်- ဥက္ကဌ -ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ( RNDP)
- နှစ်သစ်ကိုရောက်ရင် နှစ်ဟောင်းက အတုယူစရာ၊ပြင်ဆင်စရာ၊ သံဝေဂရစရာတွေ အားလုံးကို နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ချီတက်သွားဖို့လိုမလားဆိုပြီး ကျွန်တော်တို့သုံးသပ်ပါတယ်။
နှစ်ဟောင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း အင်မတန်မှလည်း ဟို ရခိုင် နိုင်ငံကျဆုံးတဲ့နေ့ကို  နေရာတိုင်းမှာ ကျင်းပကြတာကိုလည်း တွေ့ပါတယ်။ နှစ်ဟောင်းက သံဝေဂယူစရာတွေ၊ ပြီးခဲ့တဲ့နှစ်များစွာက ဖြစ်ပျက်ခဲ့တာတွေက သံဝေဂယူစရာတွေကို ကျွန်တော်တို့သံဝေဂယူပြီး ပြင်ဆင်စရာ ရှိတာတွေကို နှစ်ဦးမှာ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ကျွန်တော်တို့ ဆောင်ရွက်သွားနိုင်မယ်ဆိုရင် အနာဂတ် ရခိုင်ဒေသ ရခိုင်လူမျိုးများ အတွက် အင်အားရှိမှာ ဖြစ်သလို အကျိုးဖြစ်ထွန်းမူတွေ ရှိလာမယ်လို့ယူဆပါတယ်။
ဒါကြောင့်နှစ်သစ်မှာ ကျွန်တော်တို့ ညီညီညွတ်ညွတ် ကြိုးကြိုးစားစားနဲ့ ဆောင်ရွက်သွားကြမယ်လို့ ကျွန်တော်တို့ နှုတ်ခွန်းဆက်သလိုပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: