Thursday, January 30, 2014

ဘင်္ဂါလီများ အသတ်ခံရသည်ဟု စွပ်စွဲမှု အထောက်အထားရှိက ဆက်သွယ်နိုင်ဟု ကော်မရှင် အတွင်းရေးမှူးဆို

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂါလီ ၄၀ ခန့် သတ်ဖြတ် ခံရသည်ဟု နိုင်ငံတကာ မျက်နှာစာတွင် သတင်းများ ပျံ့နှံ့နေသည့်ကိစ္စနှင့် ပတ်သက်ပြီး အထောက်အထားများ ရှိပါက ဆက်သွယ် ပေးပို့နိုင်ကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ပြောကြားသည်။

ဘင်္ဂါလီများ သတ်ဖြတ်ခံရသည်ဟု အင်တာနက် စာမျက်နှာများတွင် တွေ့ရှိရသော်လည်း ယင်းဖြစ်စဉ်များ ဖြစ်ပွားသည့် မောင်တောဒေသသို့ ကွင်းဆင်းကာ ဘင်္ဂါလီ ၇၀ ခန့်ကို မေးမြန်းစုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ဘင်္ဂါလီများ သတ်ဖြတ်ခံရသည့် အထောက်အထားများ မတွေ့ရကြောင်း ၎င်းကဆိုသည်။
“ဘင်္ဂါလီတွေ သတ်ဖြတ်ခံရတဲ့ တိကျတဲ့ သက်သေ အထောက်အထားတွေ ရှိရင် ကော်မရှင်ကို ဆက်သွယ်ပါ။ စုံစမ်း စစ်ဆေးသွားမယ်” ဟု ဒေါက်တာ ကျော်ရင်လှိုင်က ထပ်မံပြောကြားသည်။

မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ဘင်္ဂါလီများ တိုက်ခိုက်၍ ရဲတပ်ကြပ်ကြီး တစ်ဦး ပျောက်ဆုံးမှု သတင်းသည် နိုင်ငံတကာ စာမျက်နှာများတွင် ဘင်္ဂါလီ ၄၀ ခန့် သတ်ဖြတ်ခံရသည်ဟု ပျံ့နှံ့နေလာပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရကို ဖိအားပေးခဲ့ကြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြုလုပ်သည့် ရန်ကုန်မြို့တော် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံတမန်များကို ရှင်းပြသည့် အခမ်းအနားတွင် ဒေါက်တာ ကျော်ရင်လှိုင်က အထက်ပါအတိုင်း ပြောဆိုသော်လည်း ဘင်္ဂါလီများ သတ်ဖြတ်ခံရသည့် သတင်းများကို ထုတ်ပြန်ခဲ့သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ ကိုယ်တိုင် မျက်နှာချင်းဆိုင် တရားဝင် ထုတ်ပြန် ပြောဆိုမှုများ မရှိခဲ့ပေ။

အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် ဒုချီးရားတန်း ကျေးရွာအုပ်စုတွင် ဘင်္ဂါလီလူမျိုး ၈၀ ရာခိုင်နှုန်းရှိပြီး ရခိုင် တိုင်းရင်းသား ၂၀ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ပါရှိသည်။
“အခုဖြစ်တဲ့ နေရာမှာ ဘင်္ဂါလီ နှစ်သောင်းကျော် ရှိတယ်။ ရခိုင်က သုံးထောင်အောက်ပဲ ရှိတယ်။ ဒီလို အခြေအနေမှာ ဘင်္ဂါလီတွေကို တိုက်ခိုက်ဖို့ဆိုတာ အရမ်းခက်ခဲတဲ့ ကိစ္စပါ” ဟု ဒေါက်တာကျော်ရင်လှိုင်က ဆိုသည်။

မောင်တောတွင် တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းကို ဥပဒေမဲ့ တိုက်ခိုက်ခံခဲ့ရပြီး ယင်းလုပ်ရပ်သည် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ရာ ရောက်ကြောင်း၊ အဖွဲ့အစည်းများ အနေနှင့် သတင်းထုတ်ပြန်ရာတွင် ခိုင်လုံသည့် အချက်အလက်များကို အခြေခံထုတ်ရန် လိုအပ်ပြီး အခြေအမြစ် မရှိသည့် အချက်အလက်များကို ထုတ်ပြန်လျှင် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေနိုင်သည့် အပြင် ဒေသလူထုကလည်း လုံးဝ ခွင့်လွှတ်မည် မဟုတ်ကြောင်းကို သတိပြုစေလိုကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။

ဒေါက်တော ကျော်ရင်လှိုင်သည် ဟောင်ကောင်စီးတီး တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ တွဲဖက် ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

No comments: