Thursday, January 30, 2014

အစိုးရကို နိုင်ငံတကာ ဖိအားပေးလာရန် ဘင်္ဂါလီများ သတင်းမှားဖန်တီးဟု ဦးရဲထွဋ်ဆို

မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းနေလျှင် ဘင်္ဂါလီများကို ခေါ်လိုသည့် လူမျိုးအမည်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ တိုင်းရင်းသား အခွင့်အရေးများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်၍ နောက်ကွယ်က လှုပ်ရှားသည့် အဖွဲ့များက သတင်းမှားများ ဖန်တီးကာ နိုင်ငံတကာ စာမျက်နှာများပေါ် ဆွဲတင်နေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းတွင် လုံခြုံရေးကင်းတပ်ဖွဲ့ တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးတွင် ဇန်နဝါရီလ ၂၈ ရက်နေ့က နိုင်ငံတကာ သံတမန်များကို တွေ့ဆုံ ရှင်းလင်းသည့် အခမ်းအနား အပြီးတွင် ၎င်းက မီဒီယာများကို ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့ (RSO) အပါအဝင် ဘင်္ဂါလီအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်း များသည် အဆိုပါ တောင်းဆိုချက်များ ပျောက်ကွယ် သွားမည်ကို စိုးရိမ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။
“ဘင်္ဂါလီတွေကို သူတို့ခေါ်ချင်တဲ့ နာမည်နဲ့ ခေါ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တောင်းချင်တာတွေ၊ တိုင်းရင်းသား တောင်းချင်တဲ့ ကိစ္စတွေ ပျောက်ကွယ်သွားမှာ စိုးရိမ်လို့။ ပြဿနာ တစ်ခုဖြစ်တိုင်း သတင်းမှားကြီး လုပ်ပြီး နိုင်ငံတကာ စာမျက်နှာကို ဆွဲတင်နေတာ” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

မောင်တောမြို့နယ်တွင် ဘင်္ဂါလီများ နေထိုင်သည့် ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ဘင်္ဂါလီများ တိုက်ခိုက်၍ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးနေသည့် သတင်းအစား မြန်မာ တိုင်းရင်းသားများက တိုက်ခိုက်၍ ဘင်္ဂါလီ ၄၀ ခန့် သေဆုံးကြောင်း နိုင်ငံတကာ မျက်နှာစာတွင် ပျံ့နှံ့ခဲ့သည်။

အဆိုပါ သတင်းမှားကို နောက်ကွယ်က လှုပ်ရှားသည့် အဖွဲ့များက မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်၊ မကြာမီ ပြုလုပ်မည့် သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းများနှင့် အချိန်ကိုက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

မောင်တောမြို့နယ်တွင် ရခိုင် ဒုက္ခသည်များသာရှိပြီး ဘင်္ဂါလီဒုက္ခသည် မရှိသော်လည်း မောင်တောတွင် ဘင်္ဂါလီ ဒုက္ခသည် စခန်းဖွင့်ရန် ဘင်္ဂါလီအချို့က နိုင်ငံတကာ အဖွဲ့အစည်းအချို့နှင့် ပူးပေါင်း၍ လုပ်ဆောင်မှုများ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ် အခြေစိုက် မေယု တောင်တန်းဒေသ ကွန်ရက်ပြောရေးဆိုခွင့် ရှိပြီး ရိုဟင်ဂျာဟုဆိုသူ ဦးကျော်စိုးအောင်ကမူ “ရှင်းရှင်းပြောရရင် ဒါကနိုင်ငံရေး လှည့်ကွက် တစ်ခုလို့ပဲ မြင်တယ်။ ဒီလူမျိုးနဲ့ ဒီဘာသာကို အသုံးချနေတာပါ” ဟု ၎င်းအမြင်ကို ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပဋိပက္ခနှင့် ပတ်သက်၍ ကာတာနိုင်ငံ အခြေစိုက် အယ်လ်ဂျာဇီးရား သတင်းဌာနက ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် လူမျိုးတုံး သတ်ဖြတ်မှု အမည်ရ ရုပ်သံမှတ်တမ်းကို ထုတ်လွှင့်ခဲ့ပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) အဖွဲ့က ထုတ်ပြန်ခဲ့သည့် ‘တောင်းဆုခြွေရုံမှတစ်ပါး အခြားမရှိပါ- မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ’ အမည်ရ စသည့် အစီရင်ခံစာ များကိုလည်း မြန်မာအစိုးရက ကန့်ကွက်ထားသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

No comments: