Wednesday, January 8, 2014

စစ်တွေမြို့၌ လူနာစောင့်မပါ၍ ဆေးရုံတက်ခွင့် မရသူတစ်ဦး လမ်းဘေးတွင် တစ်ညနှင့်တစ်ရက် နေပြီးမှ ဆေးရုံတက်ကုသစဉ် သေဆုံး

လူနာစောင့်မပါသဖြင့် ဆေးရုံတက်ခွင့် မရသူတစ်ဦး လမ်းဘေးတွင် တစ်ညနှင့်တစ်ရက်နေပြီးမှ လူမှုရေး အဖွဲ့အစည်းများတာဝန်ယူကာ ဆေးရုံသို့တက်ရောက်ကုသခွင့်ရရန်ကူညီခဲ့သဖြင့် ဆေးရုံတက်ရောက်နိုင်ခဲ့သော်လည်း ကုသနေစဉ် သေဆုံးသွားသည့် ဖြစ်ရပ်တစ်ခု ဇန်န၀ါရီ ၄ ရက်က စစ်တွေဆေးရုံတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သူက ဆေးရုံတက်ခွင့် မရတဲ့အတွက် ဆေးရုံဝင်ပေါက် ဘေးနားကမြောင်းမှာ တစ်ညနဲ့တစ်ရက်တောင် ကြာသွားတယ်။ညနေပိုင်းမှလူမှုအဖွဲ့အစည်းတွေကလူနာစောင့်အဖြစ် စောင့်ပေးမယ်ပြောပြီး ဆေးရုံတင်တယ်။ ည ၈ နာရီလောက်မှာ ဆုံးသွားတယ်။ အစောကတည်းက ဆေးရုံတင်ခဲ့မယ်ဆိုရင် မသေနိုင်ဘူး” ဟု စစ်တွေမြို့မှ လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုသန်းအေးက ပြောကြားသည်။

သေဆုံးသူမှာ ဘဲပေါက် (ခ) ခင်မောင်မြင့် (၃၅ နှစ်) (ဘ) ဦးအောင်မြထွန်း၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး နိုဝင်ဘာ၁၉ရက်ကသံတွဲအကျဉ်းထောင်မှလွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ဆေးရုံတက်ခွင့် မရတဲ့သူ့ကိုတွေ့လို့ ကြက်ခြေနီအဖွဲ့ကိုလည်း အကြောင်းကြားတယ်။ သူတို့ကလည်း ဆေးရုံတက်ခွင့် မပေးတာကို ဘာမှမတတ်နိုင်ဘူးလို့ ပြောပါတယ်။ လမ်းဘေးမှာ အချိန်ကြာသွားတော့ ကျန်းမာရေး ပိုဆိုးသွားတယ်လို့ ထင်တယ်။ ဒါကြောင့် ဆေးရုံတက်ခွင့် ရခဲ့ပေမယ့် အသက်ရှင်ခွင့် မရခဲ့တာပါ” ဟုလည်း ကိုသန်းအေးက ပြောကြားသည်။

ဇန်န၀ါရီ ၃ ရက်က လူနာစောင့် မပါသဖြင့် ဆေးရုံတက်ခွင့် မရခဲ့သည့်အတွက် ဇန်န၀ါရီ ၄ ရက် ညနေ ၇ နာရီခန့်တွင် ဒေသခံ လူမှုအဖွဲ့အစည်းများက ကူညီပံ့ပိုးမည်ဟု ပြောကြားကာ အဆိုပါလူနာကို ဆေးရုံတင်ခဲ့ရသည်ဟု သိရသည်။

ရခိုင်အမျိုးသမီးများ အသင်းမှ ဒေါ်ညိုအေးက “သူက ၃၀၂ နဲ့ ထောင်ကျပြီး ထောင်ကလွတ်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူသားချင်း စာနာမှုထားဖို့လိုတယ်။ ကျွန်မတို့ အပါအ၀င် သံဃာတော်တွေရော၊ လူမှုအဖွဲ့အစည်းကလူတွေ ရောက်လာကြပြီး ဆေးရုံက သက်ဆိုင်သူတွေကို ပြောပြပြီး ဆေးရုံတင်တယ်။ နှလုံးခုန်နှုန်း စမ်းသပ်တဲ့စက်နဲ့ ချက်ချင်းစမ်းတယ်။ နောက်ပြီးတော့ အောက်စီဂျင်ပေးတယ်။ ဒါပေမဲ့ အချိန်က နောက်ကျသွားခဲ့ပြီ။ စောစောကတည်းက ဆေးရုံတက်ခွင့် ပေးခဲ့မယ်ဆိုရင် အဲဒီလူနာ အသက်ရှင်ခွင့် ရခဲ့မယ်လို့ ကျွန်မသုံးသပ်မိတယ်။ အားနည်းချက်တွေကိုသိရင် ပြုပြင်ဖို့လိုတယ်” ဟု ပြောကြားသည်။

စစ်တွေဆေးရုံ၏ ပြင်ပလူနာဌာနမှ တာဝန်ကျ သူနာပြုတစ်ဦးက “ကျွန်မတို့မှာ တရားဝင်ပြောခွင့်တော့ မရှိဘူး။ လူမှုရေးအရ ပြောတာဖြစ်တယ်။ ၄ ရက်နေ့က ကျွန်မတို့တွေရှိတယ်။ ၃ ရက်နေ့ကလည်းရှိတယ်။ သူဆေးရုံလာတယ်ဆိုတာ ကျွန်မတို့ မတွေ့ဘူး။ ဘယ်လူနာကိုမှ ဆေးရုံတက်ခွင့် မပေးတာမရှိဘူး။ လူနာစောင့်မပါလည်း ဆေးလူမှု ဆက်ဆံရေးအဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့က လူမှုအဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး ဖြေရှင်းပေးလေ့ရှိတယ်။ အပြင်မှာပြောတာကိုလည်း သိပ်မယုံဖို့လိုတယ်။ လူနာကို ၆ နာရီခွဲမှာ ဆေးရုံတင်တယ်။ ၇ နာရီကျော်မှာ သေသွားတယ်” ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဇန်န၀ါရီ၇ရက်ညနေပိုင်းက ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာအောင်ဆန်းနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ“အဲဒါမှားနေတယ်။ကျွန်တော်ကိုယ်တိုင်သိတယ်။ ဆေးရုံတင်ထားတယ်။ ဆေးရုံရောက်ပြီးမှ သေသွားတယ်။ ဒါပါပဲ” ဟု The Daily Eleven သတင်းစာမှ မေးမြန်းမှုအား ပြန်လည်ဖြေကြားသွားခဲ့သည်။

(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: