Monday, January 20, 2014

အေပီသတင်းဌာနမှ မောင်တောမြို့နယ် သတင်းဆက်အား မှားယွင်း ထုတ်လွှင့် ဖော်ပြခဲ့မှုနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ အေပီ သတင်းဌာနခွဲမှ တာဝန် ရှိသူများအား တာဝန်ရှိသူက တွေ့ဆုံ ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးသည် ရန်ကုန်မြို့ရှိ အေပီ သတင်းဌာန ရုံးခွဲမှ Ms. Robin Mc Dowell , Mr. Gemunu Amarasinghe နှင့် မအက်စ်သာတို့ သုံးဦးအား ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ် မှ မွန်းလွဲ ၁ နာရီအထိ ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ရုံးချုပ်၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ဦးဆောင် ညွှန်ကြားရေးမှူးက ဇန်နဝါရီ ၁၇ ရက် အေပီ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် Myanmar Mob Kills more than a dozen Muslims သတင်း ခေါင်းစဉ်နှင့် သတင်းစာကိုယ်ပါ အသုံးအနှုန်း များသည် အဖြစ်မှန်နှင့် ကွဲလွဲနေကြောင်း၊ ထိုသတင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် မလိုလားအပ်သည့် စိုးရိမ်ပူပန်မှု များ ပေါ်ပေါက် စေခဲ့ကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ် အတွင်းတွင် လည်းကောင်း၊ မြန်မာနိုင်ငံ၏ အခြားဒေသများ အတွင်းတွင်းလည်း မတူညီသည့် လူ့အသိုက်အဝန်းများ အကြား စိုးရိမ် ပူပန်မှုများ၊ သံသယများl ပိုမို တိုးပွားစေခဲ့ပြီး ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေခဲ့ကြောင်း။

အေပီ၏ ကျင့်ဝတ် စည်းမျဉ်းတွင် အမည် မဖော်ပြသော သတင်း အရင်းအမြစ်များကို ကိုးကား အသုံးပြုရာတွင် လိုက်နာရမည့် စည်းကမ်းများကို သတ်မှတ် ထားပြီ ဖြစ်သော်လည်း အထက်ပါ အချက်များကို လိုက်နာခြင်း မရှိသည်ကို တွေ့ရကြောင်း၊ အေပီ သတင်း ဌာနရုံးခွဲကို မြန်မာနိုင်ငံတွင် အခြေစိုက် ခွင့်ပြုထားခြင်းသည် မှန်ကန် မျှတသော သတင်း အချက်အလက်များကို ပေးပို့နိုင်ရန် အတွက် ဖြစ်ကြောင်း၊ သို့သော် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အေပီ သတင်းဌာန အနေဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနသို့ လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနသို့ လည်းကောင်း ဆက်သွယ် အတည်ပြုချက် ရယူခြင်း မရှိသည်ကို တွေ့ရကြောင်း။

အေပီ သတင်းဌာန၏ သတင်း ရေးသားမှုကြောင့် ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို ထိခိုက်စေ သည့် ဖြစ်ရပ်များ ပေါ်ပေါက်လာပါက အေပီ သတင်းဌာနခွဲတွင် တာဝန်ရှိမည် ဖြစ်ကြောင်းနှင့် အေပီအပါအဝင် သတင်းဌာနများ အနေဖြင့် သတင်းအခြေ အမြစ် ခိုင်မာမှုမရှိဘဲ စာဖတ်သူများ ယုံမှား သံသယ ဖြစ်စေနိုင်သော သတင်းမှားများကို အတတ်နိုင်ဆုံး ရှောင်ရှား၍ စာနယ်ဇင်း ကျင့်ဝတ်နှင့်အညီ သတင်းများကို ဖော်ပြရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

(သတင်းအရင်းအမြစ်- မြ၀တီသတင်း)

No comments: