Thursday, January 23, 2014

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့ မောင်တောမြို့နယ်သို့ ရောက်ရှိစစ်ဆေး အေပီသတင်းဌာနမှ ဖော်ပြ ခဲ့သည့် သတင်း မှန်ကန်မှုမရှိ

မောင်တော ဇန်နဝါရီ ၂၂
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ဦးမောင်စန်ရွှေ(စီမံဘဏ္ဍဝန်ကြီး)၊ ဦးကျော်သိန်း(သစ်တော၊ သတ္တုဝန်ကြီး)၊ ဦးကျော်ယဉ်ဦး(ပြည်နယ်လဝကမှူး)၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ OCHA (ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူး) Barbara Babista၊ UNHCR ဌာနေ ကိုယ်စားလှယ် Roka Koda၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး တို့သည် ဘူးသီးတောင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် DR. ဘော်ရှီး အာမက်၊ မောင်းတော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းတို့နှင့်အတူ ယနေ့ (၁၅:၀၀)နာရီ အချိန်တွင် ခရေမြိုင်ကျေးရွာသို့ ရောက်ရှိ၍ ကျေးရွာပြည်သူများနှင့် တွေ့ဆုံသည်။ ယင်းမှ တဆင့် ဂေါ်ဒူသာရကျေးရွာသို့ ရောက်ရှိပြီး၊ ဒူချီရာတန်ကျေးရွာမှ ရှောင်တိမ်းရောက်ရှိနေသည့် ကျေးရွာ သားများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ထိုသို့မေးမြန်းရာ ကျေးရွာပြည်သူများမှ ကလေး၊ လူကြီးများကို ရခိုင်များက သတ်ဖြတ်သည်ကို မကြား ရပါကြောင်း၊ ယင်းတို့သားများ အဖမ်းခံရကြောင်းသာ ပြောပါသည်။ ယင်းကိစ္စတွင် စစ်ဆေး ချိန်ဖြစ်၍ အပြစ် မရှိပါက ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ရဲမှူးချုပ်တင်ကိုကို မှ ပြန်ဖြေရှင်းပေးခဲ့ပါသည်။
ဂေါ်ဒူသာရကျေးရွာမှ မော်လစီဆရာမှလည်း လူသတ်သည်ကို မတွေ့ရကြောင်း ပြောဆိုပါသည်။ တွေ့ဆုံ မေးမြန်းရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း၊ Dr. ဘော်ရှီးအာမက်၊ UNHCR၊ OCHA ကိုယ်စားလှယ်တို့မှ မေးမြန်းခဲ့ပါသည်။
ယင်းမှဆက်၍ ဒူချီရာတန်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး၊ ရဲတပ်ကြပ်ကြီးနှင့် အဖွဲ့ကင်းလှည့်ရာမှ စတင် ဖြစ်ပွားရာနေရာ၊ ရဲတပ်ကြပ်ကြီး၏ အဝတ်အစားများကို တွေ့ရှိရာ ဗလီနောက်ဖက် အမှိုက်ကျင်းနေရာ များသို့ ရောက်ရှိခဲ့ပါသည်။
ညနေ(၁၇:၀၀)နာရီတွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ရုံးခန်းတွင်  ဖြစ်စဉ်နှင့် ပက်သက်၍ OCHA နှင့် UNHCR တို့မှ သိလိုသည်များကို မေးမြန်းခဲ့မှုအား ရဲမှူးချုပ်တင်ကိုကို၊ ပြည်နယ် ရဲတပ်ဖွဲ့ရဲမှူးကြီး နေမျိုး တို့မှ ပြန်လည် ရှင်းလင်းခဲ့ပါသည်။
ပြည်နယ် ဝန်ကြီးချုပ်မှ ယခုဖြစ်စဉ်တွင် အဓိကကျသည့် တရားခံဖေါ်ထုတ်နိုင်ရေး၊ ပျောက်ဆုံး ရဲတပ်ကြပ်ကြီးနှင့် လက်နက်ပြန်လည် ရရှိရေးအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရေးနှင့် ယနေ့ နိုင်ငံခြား သတင်း ဌာနများမှ ထုတ်လွှင့်နေသည့် ရခိုင်တိုင်းရင်းသားများက သတ်ဖြတ်နေသည်ဆိုသည်မှာ လုံးဝ မဟုတ်ကြောင်း၊ လက်တွေ့ ရွာအထိ မိမိဌာနဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ လွန်ခဲ့သည့် တစ်ပတ်ခန့်က ဖြစ်ပွားခဲ့သည့် ကိစ္စရပ်ကိုလည်း သိရှိရ၍ ရောက်ရှိလာခြင်း ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့မှ လည်း ဒူချီရာတင်ရွာရှိ ပစ္စည်းများ မပျောက်ပျက်ရေး အတွက် လုံခြုံရေးများ ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့်  လိုအပ်ချက်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- ပြန်ကြားရေးဝန်ကြီးဌာန)

No comments: