Friday, February 7, 2014

ရခိုင်ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဒေါက်တာအေးမောင်တို့ မလေးရှားတွင် လုပ်ကြံခံရ

ရခိုင်လူထုနှင့် တွေ့ဆုံရန် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အတွင်းရေးမှူး ဒေါက်တာအေးမောင်တို့ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညပိုင်းတွင် သေနတ်သမားတစ်ဦးက ပစ်ခတ် လုပ်ကြံခဲ့ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် ပြောကြားသည်။

မလေးရှား စံတော်ချိန် ည ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် ကုန်တိုက်တစ်ခုမှ ဈေးဝယ်ပြီး ပြန်လာသော ဒေါက်တာအေးမောင်၏ မော်တော်ယာဉ်ကို အဆိုပါ သေနတ်သမားက ဆိုင်ကယ်ဖြင့် ဘေးချင်း ယှဉ်ကပ်လိုက်လာကာ ပစ်ခတ်ခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံတွင် ရောက်ရှိနေသူများ၏ ပြောဆိုချက်ကို ကိုးကားကာ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ရှင်းပြသည်။
“ကားမှာ ကျည်ဆန်ရာ ငါးပေါက် ဖြစ်သွားတယ်။ အတွင်းကိုတော့ မပေါက်တဲ့အတွက် ဒဏ်ရာမရဘူး” ဟု ဦးဇော်အေးမောင်က ပြောဆိုသည်။

သေနတ်ပစ်ခတ်သူ စီးလာသည့် ဆိုင်ကယ်နောက်တွင် ၎င်းနှင့် တစ်ဖွဲ့တည်းဟု ယူဆရသည့် လူတစ်စု မော်တော်ယာဉ်နှင့် လိုက်ပါလာပြီး ယင်းမော်တော်ယာဉ်ပေါ်က လူက “ပစ်၊ ပစ်” ဟု မြန်မာဘာသာဖြင့် အော်ပြီး အမိန့်ပေးသံ ကြားရသည်ဟု ဒေါက်တာအေးမောင်နှင့် အတူလိုက်ပါသူများ၏ ပြောဆိုချက်ကို ကိုးကားကာ ၎င်းက ပြန်လည် ပြောကြားသည်။

ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်နှင့် ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင် အပါအဝင် စုစုပေါင်း ခြောက်ဦးအဖွဲ့သည် မလေးရှားနိုင်ငံ အခြေစိုက် ရခိုင် လူမှုကယ်ဆယ်ရေး အဖွဲ့၏ ဖိတ်ကြားမှုဖြင့် စာပေဟောပြောရန် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မလေးရှားသို့ သွားရောက်ခြင်း ဖြစ်ကြောင်း RNDP ပါတီထံမှ သိရှိရသည်။

ဒေါက်တာအေးမောင်နှင့် အဖွဲ့သည် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာမည် ဖြစ်ကြောင်း ယင်းပါတီထံမှ သိရှိရသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

No comments: