Saturday, March 15, 2014

သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ဆန္ဒပြခွင့် ကျောက်ဖြူတွင်ရရှိ၊ စစ်တွေတွင် ပယ်ချခံရ

Census-photoလာမည့် သန်းခေါင်စာရင်းကောက်ယူရာတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီလူမျိုးများအား အမည်မှန်ကို ရေးသွင်းရန်နှင့် နာမည်လိမ် ရိုဟင်ဂျာအမည်အား ရေးသွင်းခွင့် မပြုရန် တောင်းဆိုမည့် ဆန္ဒပြပွဲ တစ်ခုအား ရခိုင်ပြည်နယ် အနှံ့အပြားတွင် တပြိုင်တည်း တစ်နေ့တည်း ပြုလုပ်ရန် စီစဉ်နေရာ ထိုဆန္ဒပြပွဲအတွက် ကျောက်ဖြူမြို့တွင်ခွင့်ပြုချက်ရပြီး စစ်တွေတွင်မူ ပယ်ချခံခဲ့ရသည်ဟု သတင်း ရရှိသည်။
“ အမည်မှန် ဘင်္ဂလီကို ရေးသွင်းပြီး နာမည်တု ရိုဟင်ဂျာကို ရေးသွင်းခွင့် မပြုရန် တောင်းဆိုတဲ့ ဆန္ဒပြပွဲအတွက် ခွင့်ပြုချက်ကို ဒီလ ၁၁ ရက်နေ့က ကျောက်ဖြူ မြို့နယ် ရဲတပ်ဖွဲ့မှူးဆီကို တင်ပါတယ်။ ဒီလ ၁၃ ရက်နေ့မှာတော့ ခွင့်ပြုချက်ပေးလိုက်ပါတယ်” ဟု ကျောက်ဖြူ ဒေသခံ ဦးထွန်းနိုင်က ပြောသည်။
ကျောက်ဖြူတွင် ဆန္ဒပြရန် ခွင့်ပြုချက်ရသော်လည်း စစ်တွေတွင်မူ ပယ်ချခံခဲ့ရသည်ဟု စစ်တွေမြို့မှ လူမူရေး လူပ်ရှားနေသူ ဦးလှမောင်က ပြောသည်။
“ ကျနော်တို့က စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးဆီမှာ တင်ပါတယ်။ သူတို့က ပယ်ချလိုက်ပါတယ်။ ပယ်ချတဲ့ အကြောင်းအရင်းကတော့ ဆယ်တန်း စာမေးပွဲ ရှိနေတဲ့ အတွက် ခွင့်မပြုနိုင်ဘူးလို့ ပြောပါတယ်” ဟု သူက ဆိုသည်။
ယခုကဲ့သို့ မြို့နယ် အဆင့် ပယ်ချခံလိုက်ရသဖြင့် ယခုအခါ ခွင့်ပြုချက်ရရန် ပြည်နယ် အဆင့်ထိ ထပ်မံ တင်ထားကြောင်း သူက ပြောသည်။
“ ကျနော်တို့က အဲဒီညနေမှာဘဲ ထပ်ပြီး ပြည်နယ်ကို တင်ထားပါတယ်။ ပြည်နယ်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ မသိရသေးပါဘူး။ မြို့သူမြို့သားတွေကတော့ ခွင့်ပြုချက် မရရင်လည်း ဆန္ဒပြသွားမယ်လို့ ပြောပါတယ်” ဟု ၎င်းက ဆက်ဆိုသည်။
လူဝင်ကြီးကြပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီမှ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ရန်ကုန်မြို့တွင်  ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် လာမည့် သန်းခေါင် စာရင်း ကောက်ယူရာတွင် တစ်စုံ တစ်ဦးက ရိုဟင်ဂျာအမည်ကို ထည့်သွင်းလာပါက ရေးမှတ်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ ရေးမှတ်သော်လည်း နိုင်ငံသားဖြစ်သည်၊ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲတွင် ပါဝင်သည်ဟု သတ်မှတ်သွားမည် မဟုတ်ကြောင်း ပြောကြားသည်။
ယခုကဲ့သို့ အစိုးရမှ တရားဝင် ကောက်ခံသော သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ရေးမှတ်ပါက တရားဝင်သဘောမျိုးသက်ရောက်သွားနိုင်ပြီး နောင်တွင် ပြဿနာများ ပေါ်ပေါက်လာနိုင်သည်ဟု ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင်က နိရဉ္စရာသို့ ပြောဆိုသည်။
“ လူဝင်မူကြီးကြပ်ရေးဌာနက ထုတ်ထားတဲ့ သန်းခေါင်စာရင်း ဥပဒေ ပုဒ်မ ၁၆ (ခ)မှာ ဘယ်လိုပါသလဲ ဆိုတော့ တိုင်းရင်းသား  လူမျိုးစုတစ်ခု (သို့တည်းမဟုတ်) အမည် စာရင်းမပါတဲ့ လူမျိုး တစ်မျိုး ပတ်သက်လို့ မရှိတာကို မထည့်ရလို့ ပါဝင်ပါတယ်။ ဒါပေမယ့် အခု ဖြစ်နေတာက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ဘင်္ဂလီ တွေကို ရိုဟင်ဂျာ ဆိုပြီးတော့ ထည့်ဖို့ လုပ်နေတယ်လို့ သတင်းရရှိပါတယ်။ ဒီလို ထည့်ရင် ဒါကိုကိုင်ပြီး နောင်မှာ တိုင်းရင်းသား လူမျိုး တစ်မျိုးဖြစ်တယ်လို့ တောင်းဆိုလာရင် ပြသနာ ပေါ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
လာမည့် မတ်လ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၇) မြို့နယ်စလုံးတွင် လူမျိုးမှန် (ဘင်္ဂလီ) နေရာတွင် လူမျိုးလိမ် (ရိုဟင်ဂျာ) နာမည်အား သန်းခေါင်စားရင်း ကောက်ယူသည့် အခါ ရေးသွင်းမည့် အစီအစဉ်ကို ကန့်ကွက် ဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ အထိ ကောက်ခံသွားရန် စီစဉ်သည်။ ယခုသန်းခေါင်စာရင်း ကောက်ယူမူသည်  နှစ်ပေါင်း (၃၀) အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး ယခင် သန်းခေါင်စာရင်းကို ၁၉၈၃ ခုနှစ်က ကောက်ခံခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: