ရခိုင်ပြည် မောင်တောနယ်စပ် ကုန်သွယ်ရေးဆိပ်ကမ်းတစ်ခုမှ ဘင်္ဂလာဆိပ်ကမ်းများသို့ ဈေးနိမ့်ခံ၍ ဆန်တင်ပို့မှုများ ယခုတလော ပိုမိုများပြားလာကြောင်း သိရှိရသည်။
ဆန်အိတ်များကို ရွှေ့နေသော အလုပ်သမားများ။ ဆန်အိတ်များကို ရွှေ့နေသော အလုပ်သမားများ။
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား စီးပွားရေး ၂၀၁၃-၁၄ နှစ်တွင် မောင်တောဆိပ်ကမ်းမှ ဘင်္ဂလာဆိပ်ကမ်းများသို့ လအနည်းငယ်အတွင်း ဆန်တန်ချိန်ပေါင်း ၃၀၀၀ နီးပါးအထိ တင်ပို့ထားပြီး ဖြစ်ကြောင်းနှင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၅ ဖြင့်သာ တင်ပို့နေရပြီး နိုင်ငံတကာပေါက်ဈေးအဆင့်သို့ မရယူနိုင်သေးကြောင်း မောင်တောမြို့မှ အမည်မဖေါ်လိုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
"ရခိုင်-မြန်မာပြည်ထွက် ကုန်ပစ္စည်းတွေကို ဘင်္ဂလာနဲ့ တခြားနိုင်ငံတွေက ၀ယ်လိုအား သိပ်ကြီးပါတယ်၊ ဒါပေမဲ့ ကျနော်တို့နိုင်ငံ အနေနဲ့လည်း စီးပွားရေးလုပ်ငန်းအတွက် ရောင်းလိုအားကြီးနေတော့ ဈေးအမြဲတမ်း နှိမ်ခံနေရတာပေါ့၊ ဈေးကျားကွက်လုပ်ဖို့က နားမလည်တာထက် အခြေအနေမပေးတာပါ၊ အမှန်က ၀ယ်လိုအားကြီးတဲ့နိုင်ငံတွေကို ကုန်ပစ္စည်းထွက်တဲ့နိုင်ငံက ဈေးပြောသလောက် ရောင်းနိုင်ပါတယ်၊ နောက်တခုက ကုန်တွေအားလုံးကို နိုင်ငံတကာဈေးကွက်ဝင်ဖို့ အဆင့်အတန်းမီ မထုတ်လုပ်နိုင်တာက ဈေးနှိမ့်ခံရတာလည်း ရှိပါတယ်၊ အကုန်ပြောရရင် တို့နိုင်ငံက အာဏာပိုင်တွေက အိမ်နီးနားချင်းနိုင်ငံတွေရဲ့ စီးပွားရေးကျားကွက်ကို ဘယ်လိုမှ လိုက်မမီတာ ဖြစ်ပါတယ်၊ ရက်ချင်းပြန် စီးပွားရေးသမားတွေအဖို့ ဘာအာမခံချက်မှ မပေးနိုင်တဲ့ အစိုးရ ဖြစ်နေလေတော့။"
ဆက်လက်ပြီး၎င်းက ရခိုင်ပြည်မှ ဘင်္ဂလာသို့ များသောအားဖြင့် တင်ပို့သောဆန်မှာ ဧည့်မထဆန်အမျိုးအစားများဖြစ်ကြောင်း၊ ယခင်ပေါက်ဈေး ရှိခဲ့သည့် ဆန်တတန်လျှင် အမေရိကန်ဒေါ်လာ ၃၈၅ မှ ယခုဈေးနှိမ်ခံ၍ ၃၇၅ သို့ လျော့ဈေးဖြင့် တင်ပို့နေရကြောင်းနှင့် ရခိုင်စီးပွားရေးသမားများ မျှော်လင့်သလောက် တွက်ခြေမကိုက်ကြောင်း ရှင်းပြသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ဘင်္ဂလာသို့လာရောက်ပြီး စီးပွားရေးလုပ်ကိုင်ရန် ကြိုးစားသူများအနေဖြင့် လူလိမ်ခံရသူများ အများအပြားရှိကြောင်း၊ ကုန်ပစ္စည်းများဖြင့် လာရောက်စဉ် အသက်ရှုံးဆုံးခံရသူများ ရှိခဲ့ကြောင်းနှင့် လက်ရှိလုပ်ဆောင်နေသူများမှာလည်း ပုံစံမျိုးစုံဖြင့် လှည့်ဖျား ခံနေကြရကြောင်း နယ်စပ်သတင်းများကဆိုသည်။
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ နယ်စပ်စီးပွားရေးသဘောတူညီချက် စာချုပ်ကို ၁၉၉၇ ခု၊ စက်တင်္ဘာလက ချုပ်ဆိုခဲ့ပြီး ဆန်နှင့်အတူ အဓိကတင်ပို့ခဲ့သော ငါးစိမ်း၊ ငါးခြောက်၊ ပုဇွန်၊ အိမ်မွေးတိရိစ္ဆာန်နှင့် သစ်ကုန်ပစ္စည်းများမှာ ရခိုင်ပြည်၌ လွန်ခဲ့သောနှစ်တွင် အကြမ်းဘက်သမားများ သောင်းကျန်းမှုကြောင့် လျော့ဆင်းသွားကြောင်းနှင့် ပဋိပက္ခမတိုင်ခင် ရခိုင်ပြည်တွင်းထွက် ကုန်ပစ္စည်းများမှာ နယ်စပ်စီးပွားရေးကို ပဲ့ကိုင်ခဲ့သော ဘင်္ဂလီများထံ ဒလဟော တင်ပို့ခဲ့မှုများရှိခဲ့၍ ပြည်တွင်းကုန်ပစ္စည်းဈေးနှုန်းများ ထိုးတက်ခဲ့ကြောင်းနှင့် တင်ပို့သည့် ကုန်ဈေးနှုန်းများလည်း ထိုးကျဆင်းခဲ့သည်။
ရခိုင်ပြည်အတွင်းတွင် စပါးတင်း ၁၀၀ ကို ကျပ် ၃ သိန်းသာ ပေါက်ဈေးရှိကြောင်း သိရှိရသည်။
မြန်မာနှင့် အိမ်နီးနားချင်း နိုင်ငံများအနေဖြင့် ၎င်းတို့နှင့်အတူ စီးပွားရေးကို အရှုံးခံလုပ်နေသမျှ နှစ်သက်မည့်အခြေအနေရှိနေပြီး တိုးတက်သောနိုင်ငံများနှင့် ရင်းနှီးမြှပ်နှံမှုများ သဘောတူစာချုပ်များဖြင့် အကောင်အထည်ဖေါ်လျှင် ပုံစံအမျိုးမျိုးကြံပြီး ဖျက်ဆီးမည့် အစီအစဉ်များ ရှိနေကာ မြန်မာ့ကုန်ပစ္စည်းများကို အတင်းရလိုမှုရှိနေကြသည်။
(သတင်းအရင်းအမြစ်- Arakantimes)