Monday, April 7, 2014

သန်းခေါင်စာရင်းကောက်ယူမူကို ရခိုင်ပြည်နယ်တွင် စတင်သပိတ်မှောက်ပြီလော?

Census
(စစ်တွေတွင် သပိတ်မှောက်ရန် လုံဆော်ထားသော ပိုစတာ)
ယခုရက်တွေ အတွင်း ရခိုင်ပြည်နယ် အတွင်း သန်းခေါင်စာရင်း ကောက်ယူမူကို သပိတ်မှောက်မယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသလို သပိတ်တိုက်ပွဲအစ အဖြစ် မြို့တိုင်း၊ ရွာတိုင်း၊ အိမ်တိုင်း၊ အဆောက်အဦးတိုင်းမှာ သာသနာ အလံတွေကို ထောင်ထားတာတွေ၊ ပိုစတာတွေ ကပ်ထားတာတွေကို တွေ့မြင်နေရပါတယ်။
ခုလို သာသနာအလံတွေ၊ ပိုစတာတွေကို ကပ်ပြီး လူပ်ရှားနေကြတာဟာ ရခိုင်ပြည်နယ် အတွင်း သန်းခေါင်စာရင်း ကောက်ယူမူကို ဆန့်ကျင် ကန့်ကွက်တဲ့ သပိတ်တိုက်ပွဲရဲ့ ခြေလှမ်း အစ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
မတ်လ ၂၈ ရက်နေ့ထိတော့ အစိုးရရဲ့ တုန့်ပြန်ချက်ကို နောက်ဆုံးထားပြီး စောင့်ဆိုင်းမယ်။ အကယ်၍ အဲဒီနေ့ထိ တစ်စုံတစ်ရာ မတုန့်ပြန်ရင် သပိတ်တိုက်ပွဲ ဆင်နွဲမယ်လို့ စည်းကမ်းထိန်းသိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့မှ ခေါင်းဆောင် ဆရာတော် ညာဏက မိန့်ကြားပါတယ်။
“ ဦးဇင်းတို့က ဒီနေ့ကစပြီး သန်းခေါင်စာရင်းကောက်ခံမှုကို ဆန္ဒပြတဲ့အနေနဲ့ အိမ်တိုင်း၊ နေရာတိုင်းမှာ သာသနာ အလံတောင်ပြီး ဆန္ဒထုတ်ဖော်ထားတယ်။ ၂၈ ရက်နေ့အထိ အစိုးရက ရိုဟင်ဂျာဆိုတဲ့ နာမည်ကို သန်း ခေါင်စာရင်းမှာ မထည့်ဘူးလို့ တရားဝင်ထုတ်ပြန်ချက်မပေးရင် သန်းခေါင်စာရင်းကောက်တဲ့အခါ ရခိုင်တပြည် နယ်လုံးအတိုင်းအတာနဲ့ စာရင်းမပေး သပိတ်မှောက်ဖို့လုပ်ထားတယ်” လို့ ဆိုပါတယ်။
မတ်လ ၂၈ ရက်နေ့ကို နောက်ဆုံးထားပြီး မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်သူများရဲ့ တောင်းဆိုထားတဲ့ အပေါ် လိုက်လျောမူ ပြုလုပ်ပေးမယ်ဆိုရင် သူတို့ ပြုလုပ်မယ့် သပိတ်တိုက်ပွဲကို ရပ်တန့်ပေးမယ်လို့လည်း ဦးညာဏက ပြောဆိုပါတယ်။
စစ်တွေမြို့ စစ်ကဲတော်မင်း ဘုန်းတော်ကြီးကျောင်းမှာ မတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထေရ်ကြီး ၀ါကြီး ရဟန်း သံဃာတော်တွေနဲ့ စစ်တွေမြို့ လူမှုအဖွဲ့ပေါင်းစုံမှ ကိုယ်စားလှယ်တွေ စုံညီ ပြုလုပ်တဲ့ အစည်းအဝေးမှာ ရိုဟင်ဂျာကို ထည့်ခွင့်ပြုရင် ရခိုင်ပြည်နယ် အတွင်း သပိတ်တိုက်ပွဲ ဆင်နွဲမယ်လို့  ဆုံးဖြတ်ထားခဲ့ကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် အနှံ့ သပိတ်တိုက်ပွဲ ဆင်နွဲသွားဖို့ ချိတ်ဆက်မူတွေ ပြုလုပ်ထားတဲ့ အခြေအနေကိုလည်း ဦးဥာဏက ခုလို ဆက်မိန့်ကြားပါတယ်။
“တခြားမြို့တွေကိုလည်း ဦးဇင်းတို့က အားလုံးချိတ်ဆက်ပြီးပါပြီ။ ရေမှာသွားတဲ့ယာဉ်တွေမှာလည်း သာသနာ့ အလံထောင်ဖို့၊ ကုန်းမှာသွားတဲ့ ယာဉ်တွေမှာလည်း သာသာနာ့အလံထောင်ဖို့ တိုက်တွန်းထားပါတယ်။ မနေ့ ကလည်း စစ်တွေမြို့မှာ အားလုံးကို အသိပေးထားပြီးဖြစ်ပါတယ်။”
Irrawaddy
(စစ်တွေ ဧရာဝတီဘဏ်တွင် သာသနာ့အလံလွှင့်ထူထားသည်ကိုတွေ့ရစဉ်။)
စစ်တွေမြို့မိ မြို့ဖ တစ်ဦး ဖြစ်တဲ့ ဦးသန်းထွန်းကတော့ အစိုးရရဲ့ သန်းခေါင်စာရင်း ကောက်ယူမယ့် အစီအစဉ်ဟာ နိုင်ငံတော်အတွက် လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတစ်ခု ဖြစ်သလို တိုင်းပြည် ဖွံ့ဖြိုးရေ အတွက် စီမံကိန်းတွေ ရေးဆွဲတဲ့ နေရာမှာ သန်းခေါင်စာရင်း ကောက်ယူမူဟာ အရေးပါတဲ့ အတွက် အထူး လိုလိုလားလား ထောက်ခံတယ်လို့ ပြောပါတယ်။
ဒါပေမယ့်လဲ တိုင်းပြည်မှာ မရှိတဲ့ လူမျိုးတစ်မျိုးကို ထည့်သွင်းဖို့ လုပ်တာကတော့ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာ မရှိတဲ့ အတွက် တိုင်းပြည်ရဲ့ အနာဂတ် အကျိုးကို မျှော်ကိုးပြီး ခုလို ကန့်ကွက်ဆန့်ကျင်ရတာ ဖြစ်တယ်လို့ နိရဉ္စရာကို ပြောပါတယ်။
သန်းခေါင်စာရင်းကောက်ယူတဲ့ အခါ ဘင်္ဂလီလူမျိုးနေရာမှာ  ရိုဟင်ဂျာဆိုတဲ့ နာမည်ကို ထည့်သွင်းလိုက်ခြင်းဖြင့် နောက်ဆက်တွဲ  ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကိုလည်း  စစ်တွေမြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ခုလို ဆိုပါတယ်။
“ ရိုဟင်ဂျာဆိုတဲ့ စာလုံး သန်းခေါင်စာရင်းထဲ ၀င်သွားမယ်ဆိုရင် နောက် ၅ နှစ် ၁၀ နှစ်အကြာမှာ သူတို့ဟာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသား၊လူမျိုးတစ်မျိုးရဲ့ မွေးရာပါ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးကို တောင်းဆိုလာမယ်။ နောက်တခါ ဘူးသီးတောင်၊ မောင် တော၊ စစ်တွေဒေသတွေကို သူတို့ ရိုဟင်ဂျာတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေစသဖြင့် တောင်းဆိုလာစရာ အကြောင်းတရားတွေရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေအတွက် နာမည်နဲ့နယ်မြေပါ ဆုံးရှုံးသွားနိုင်တဲ့ ဇာတ်လမ်းအစလို့မြင်ပါတယ်” လို့ဆိုပါတယ်။
အခုအခါ  စစ်တွေမြို့ အပါအ၀င် မြို့အတော်များများရဲ့ နေအိမ်များ၊ အဆောက်အဦးများ၊ ဈေးဆိုင်များနဲ့ အနှေးယဉ်၊ အမြန်ယာဉ်တွေမှာသာမက သင်္ဘောတွေ၊ မော်တော်ဘုတ်တွေမှာလည်း သပိတ်တိုက်ပွဲကို ထောက်ခံတဲ့  သာသနာ့အလံ တွေကို ထောင်ထားကြတာကို တွေ့ရပါတယ်။
အခုလို အခြေအနေတွေကြောင့် သန်းခေါင်စာရင်းကောက်ယူတဲ့ အခါ ရခိုင်ပြည်နယ် အတွင်း ဘာတွေ ဖြစ်လာမလဲ ဆိုတာကို အများပြည်သူတွေက အထူးစိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ် ခင်ဗျား။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: