မြန်မာနိုင်ငံတွင် နှစ် ၃၀ အတွင်း ပထမဦးဆုံး ဆောင်ရွက်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းကို အချို့ဝေးလံဒေသများတွင် ကြိုတင်ကောက်ယူနေပြီဖြစ်ကြောင်း ယနေ့ထုတ် (၁၄ မတ်လ၊ ၂၀၁၄) မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။
လဝက၀န်ကြီး ဦးခင်ရီ စစ်တွေမြို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ရိပ်သာ (၁)တွင် မတ်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် ဘင်္ဂလီထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
လဝက၀န်ကြီး ဦးခင်ရီ စစ်တွေမြို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ရိပ်သာ (၁)တွင် မတ်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် ဘင်္ဂလီထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
ရာသီဥတု လမ်းပန်းဆက်သွယ်ရေးနှင့် ဘာသာစကားကန့်သတ်ချက်ရှိသော နယ်မြေများတွင် သတ်မှတ်ထား သည့် မတ်လ ၃၀ ရက်ထက်စောပြီး စတင်နေပြီ ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ထုတ်ပြန်ကြေညာ ချက်အရ သိရသည်ဟု ဖော်ပြထားသည်။
ကြိုတင်သန်းခေါင် စာရင်းကောက်ယူခြင်းကို ကချင်ပြည်နယ်ရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ဆွမ်ပရာဘွမ် မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားဒေသ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၂) " ၀ " ဒေသ၊ ဝေးလံခေါင်ဖျားဒေသများတွင် အကြိုကောက်ယူ နေပြီ ဖြစ်ကြောင်း သိရသည်။
ပူတာအိုမြို့နယ်အတွင်းရှိ ဒဘွန်ဒမ်းရွာဒေသတွင် သန်းခေါင်စာရင်းကောက်ယူရန်အတွက် စာရင်းပစ္စည်းများကို ကိုယ်တိုင်သယ်ယူရကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်တွင် သန်းခေါင်စာရင်း ကောက်ယူနေချိန် တစ်စုံတစ်ဦးက ရိုဟင်ဂျာအမည်ကို ထည့်သွင်းလာပါက ရေးမှတ်သွားမည်ကို ဒေသခံ ရခိုင်တိုင်းရင်းသားများ အနေဖြင့် လက်ခံနိုင်ခြင်း မရှိဘဲ မြန်မာနိုင်ငံတွင် အစိုးရမှ ရိုဟင်ဂျာလူမျိုးမရှိပါဟု ပြောဆိုထားသည့်အတွက် ထိုသို့ ရေးမှတ်သွားမည့် အစီအစဉ်ကို မတ်လ ၁၆ ရက်နေ့တွင် ရခိုင်တစ်ပြည်နယ်လုံး ဆန္ဒပြရန် စီစဉ်ထားကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာဟု ပြောဆိုပါက မှတ်တမ်းရေးသွင်းမည်ဖြစ်သော်လည်း နိုင်ငံသား/ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုမည်မဟုတ်ဟု လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မီဒီယာများထံ ပြောကြားထားသည်။
သို့သော်လည်း ယခုကဲ့သို့ အစိုးရမှ တရားဝင် ကောက်ခံသော သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု မှတ်တမ်း တင်ရေးသွင်းမည်ဆိုပါက တရားဝင်သဘောမျိုး သက်ရောက်သွားနိုင်ပြီး နောင်တွင် ပြဿနာများ ပေါ်ပေါက်လာနိုင်သည်ဟု ဒေသခံရခိုင်တိုင်းရင်းသားများက စိုးရိမ်နေကြသည်။
ယခုလို စိုးရိမ်နေကြချိန်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားသန်းခေါင်စာရင်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က မတ်လ ၁၃ ရက်နေ့တွင် လွတ်လပ်သည့်အာရှအသံ သတင်းဌာနအား မြန်မာနိုင်ငံ၌ ရိုဟင်ဂျာမရှိ သန်းခေါင်စာရင်း ကောက်ယူရာတွင်လည်း ရိုဟင်ဂျာအမည်နှင့် လူမျိုးစုစာရင်း ထည့်သွင်းသတ်မှတ်မည် မဟုတ်ဟုတ်ဟု ပြောဆိုထားသော်လည်း တရားဝင်ထုတ်ပြန်ထားခြင်း မရှိသည့်အတွက် ဒေသခံများက သံသယဖြစ်နေကြသည်။
ယနေ့ နံနက် ၁၀ နာရီကျော်က လ၀က ၀န်ကြီး ဦးခင်ရီက သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ စစ်တွေမြို့မိမြို့ဖများနှင့် ဘင်္ဂလီထိပ်ပိုင်းခေါင်းဆောင်များတို့နှင့် ရခိုင်ပြည်ရဲတပ်ဖွဲ့ ရိပ်သာ (၁)တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရန်ကုန်မြို့ ရခိုင်ဓမ္မာရုံတွင် မတ်လ ၉ ရက်နေ့က ပြုလုပ်သော " ရခိုင်သမိုင်းကပေးသော သင်ခန်းစာ " ဟောပြောပွဲတွင် ဂျပန်နိုင်ငံ Kanda တက္ကသိုလ်မှ ပါမောက္ခ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက မြန်မာနိုင်ငံသို့ ခိုးဝင်လာသော ဘင်္ဂလီများကို အစိုးရအနေဖြင့် လူဝင်မှု ကြီးကြပ်ရေး၏ immigration ဥပဒေဖြင့် အရေးယူလို့ရကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို ၁၉၈၃ ခုနှစ်တွင် နောက်ဆုံး ကောက်ယူခဲ့ပြီး ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ခံ၍ ကုလသမဂ်ဂလူဦးရေ ရန်ပုံငွေအဖွဲ့မှ ပူးပေါင်းပါဝင် ပြုပြင်ဆောက်ရွက်နေကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)