ရက္ခိုင့်တပ်မတော်- Arakan Army ( AA) မှ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်ဦးစီးသော ကိုယ်စားလှယ်အဖွဲ့နှင့် ဘူးသီးတောင်မြို့ ဒေသခံတို့ ယနေ့ နေ့လယ်က တွေ့ဆုံရာ ကမန်လူမျိုးများကို ရက္ခိုင့်တပ်မတော်တွင် တပ်ဖွဲ့ဝင်အဖြစ် လက်ခံမည်ဆိုသည်မှာ ဟုတ်မှန်ပါသလားဟု ဒေသခံတစ်ဦးက မေးမြန်းခဲ့သည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဗေဒါပျံက နိရဉ္စရာသို့ သတင်း ပေးပို့သည်။
ရက္ခိုင်တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေလယ်က ရွှေပြည်တန်အမြန်ရေယာဉ်ဖြင့် ဘူးသီးတောင်မြို့သို့ ဆိုက်ရောက်လာခဲ့ကြရာ ပြည်သူ တစ်ထောင်ခန့်က စီတန်းကြိုဆိုခဲ့ကြသည်။ ယင်းနောက်ပိုင်း ဘူးသီးတောင်မြို့၊ အေးစေတီပရိယတ္တိစာသင်တိုက်၊ ဓမ္မာရုံတွင် မြို့လူထုနှင့် တွေ့ဆုံရာဒေသခံ ပြည်သူတစ်ဦးက“ ကမန်လူမျိုးများကို ရက္ခိုင့်တပ်မတော်တွင် တပ်ဖွဲ့ဝင်များအဖြစ် လက်ခံမည်ဟု Facebook တွင် တွေ့ရှိကြောင်း၊ ၎င်းကိစ္စ မှန် မမှန် ရှင်းလင်းပေးစေလိုကြောင်း” မေးမြန်းခဲ့သည်ဟု ဆိုသည်။
ယင်းသို့ ပြည်သူတစ်ဦး၏ မေးမြန်းချက်ကို ရက္ခိုင့်တပ်မတော်မှ ဗိုလ်မှူးကြီးကျော်ဟန်က
“ ရခိုင့်တပ်မတော်အနေနဲ့ တင်ပြရဖို့ဆိုရင် ကမန်လူမျိုးဆိုတာ ရခိုင် တစ်ပြည်နယ်လုံးမှာ အမှန် သုံးသောင်းလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ရန်ကုန်တစ်ခုတည်းမှာ ကမန်အမည်ခံပြီး နေထိုင်သူ တစ်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ တစ်ဖက်ကလည်း ကမန်လူမျိုးဆိုတာ တိုင်းရင်းသား (၁၃၅)မျိုးထဲမှာ ပါနေသလို ရှေးယခင် ရခိုင်မင်း အဆက်ဆက် ကလည်း လေးသည်တော်အဖြစ်ခန့်အပ်ပြီး ရခိုင်မျိုးနွယ်စုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရှောင်ရှုခန်ဗလီဆိုပြီး ဆောက်ပေးခဲ့တာတောင်ရှိတယ်။ နောက်တစ်ဖက်က ဘင်္ဂလီတွေဟာ သူတို့လိုချင်တဲ့ နာမည်အသုံးအနုန်း အတိုင်း သုံးခွင့်မရခဲ့တဲ့အခါ ကမန် ဆိုတဲ့ လူမျိုး အမည်ကို ပြောင်းသုံးဖို့ စိတ်ပြင်းပြလာကြပါတယ်။ ဒီတော့ သုံးသောင်းလောက်ရှိတဲ့ ကမန်လူမျိုးတွေကို ကျွန်တော်တို့ ဘက်ကို သွင်းမလား၊ ဒါမှမဟုတ် သန်းနဲ့ချီရှိနေတဲ့ ဘင်္ဂလီတွေကို ကမန် လူမျိုးအမည်ခံဖို့ အသုံးပြုခွင့် ပေးမလားဆိုတာ တော်တော်ကြီးကို အလေးအနက်ထား စဉ်းစား ရပါလိမ့်မယ်။ တကယ်လို့သာ သူတို့ကို ကျွန်တော်တို့ ရင်ခွင်ထဲကို မစည်းရုံးနိုင်ခဲ့ရင် ကမန်တွေက ဘင်္ဂလီတွေဘက် ပါသွားခဲ့ပြီး ကမန်အတုလုပ်သူ ဘင်္ဂလီတွေကို ကမန်မျိုးနွယ်စုပါလို့ ထောက်ခံလာခဲ့မယ်ဆိုရင် အန္တရာယ်ဟာ ပိုကြီင်္းထွားလာနိုင်ပါတယ်။ ဒါကို အလေးအနက်ထား စဉ်းစားရပါမယ်။ ဒါက ကျွန်တော့်ရဲ့ သဘောထားပါ။ ဒါကို ရက္ခိုင်တပ်မတော်မှာ လက်ခံဖို့ကို တင်ပြသွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့ သူတို့ကို စစ်သည်တော်အဖြစ် လက်ခံစေချင်တာလဲဆိုရင် ဒီနေ့နိုင်ငံရေးအခင်းအကျင်းမှာ အိုအိုင်စီ အပါအ၀င် သူရဲ့ အဖွဲ့ဝင် နိုင်ငံတွေက အစ္စလာမ်ဘာသာဝင်တွေကို ကျွန်တော်တို့ ရခိုင်တွေက တိုက်ခိုက်နေတယ်လို့ စွပ်စွဲနေကြတယ်။ ကျွန်တော်တို့က အစ္စလာမ်ဘာသာကို တိုက်ခိုက်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့က မတရားကျူးကျော်သူ ဘင်္ဂလီတွေကို ခုခံနေတာသာဖြစ်တယ်။ ကမန်လူမျိုးတွေကို ကျွန်တော်တို့ လက်ခံခြင်းအားဖြင့် အစ္စလာမ်ဘာသာဝင်တွေကို ဦးတည် တိုက်ခိုက်တာမဟုတ်ကြောင်း ဖြေရှင်းနိုင်ဖို့ အခွင့်အလမ်း တစ်ခု ဖြစ်လာပါမယ်”ဟု ဖြေဆိုသည်။
သို့သော်လည်း သူက လက်ခံမည့် ဆိုရာတွင် အကန့်အသတ်ကြောင်း၊ မိမိလုံခြုံရေးအတွက် အချိုးကျ လက်ခံနိုင်မည့် အင်အားကို သတ်မှတ်ရမည် ဖြစ်ကြောင်း၊ လက်ရှိရခိုင်ပြည်နယ်၏ အခြေအနေ၊ နိုင်ငံတကာ၏ နိုင်ငံရေး အခင်းအကျင်းအရ သုံးသပ်ချက် ဖြစ်ကြောင်း၊ ယင်းကို ရခိုင်အမျိုးသား ညီလာခံမှာ တင်ပြခဲ့ပြီ ဖြစ်ကြောင်း၊ ဒီကပြန်ရင် ရခိုင့်တပ်မတော်မှာ တင်ပြသွားမည် ဖြစ်ကြောင်း ဖြေဆိုသွားခဲ့သည်ဟု ဆိုသည်။
ယင်းနောက်ပိုင်းတွင် ရက္ခိုင့်တပ်မတော် (AA) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် ALA နှင့် အမြန်ဆုံး ပူးပေါင်းနိုင်ရန် ညှိနှိုင်းမှုများ ရှိနေပြီဖြစ်ကြောင်းလည်း ပြောကြားသွားသည်။
ရက္ခိုင့်တပ်မတော်သည် ရခိုင်ပြည်နယ်စပ် လုံခြုံရေးအတွက် တာဝန်ယူသွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေအများကြီးရှိကြောင်
ရက္ခိုင့်တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်(၁၄)ဦးပါဝင်ပြီး ယနေ့ နေ့လယ် ၃ နာရီခွဲခန့်တွင် မောင်တောမြို့သို့ ဆက်လက် ထွက်ခွါသွားခဲ့ကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment