Friday, May 9, 2014

ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံ စတင်ဖွင့်လှစ်

Arakan-National-Conference
ရခိုင်အမျိုးသားညီလာခံကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယနေ့ နံနက် (၇) နာရီက ရခိုင် မင်္ဂလာစည်တော်များတီး၍ စတင်ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားသို့ ပြည်တွင်း၊ ပြည်ပတွင် သီတင်းသုံးနေကြသော ရဟန်းတော်များ၊ ရခိုင် နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင် ပါတီမှ ခေါင်းဆောင်များ၊ မြို့နယ် ကိုယ်စားပြု ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် တစ်ခြားပြည်နယ်နှင့် တိုင်းမှ ရခိုင်ကိုယ်စားလှယ်များ၊ ဒေသခံ ပြည်သူ သောင်းနှင့်ချီ၍ တက်ရောက်ခဲ့သည်။
အခမ်းအနားအား ရခိုင်မင်္ဂလာစည်တော် တီးခတ်ဖွင့်လှစ်ခဲ့ပြီး ရခိုင်အမျိုးသားညီလာခံ ကျင်းပရေး ကော်မီတီကိုယ်စား ကျင်းပရေးကော်မီတီ ဥက္ကဌ ဦးကျော်ငြိမ်း (ကျောက်ဖြူ) က အဖွင့်အမှာစကား ပြောကြားသည်။
အဖွင့်အမှာစကား ပြောရာတွင် “ တိုင်းပြည် အပြောင်းအလဲနဲ့ ဒီမိုကရေစီကို ဖြတ်သန်းနေတဲ့ ကာလမှာ ကျနော်ရမ္မာဝတီ ဒေသမှာ ခုလို ခန်းနားကြီးကျယ်တဲ့ ရခိုင်အမျိုးသားညီလာခံကို ကျင်းပခွင့်ပြုတဲ့ နိုင်ငံတော်အစိုးရ၊ တာဝန်ရှိသူများနဲ့ ပူးပေါင်းဆောင်ရွက်ကြသူတွေ အားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း လေးနက်စွာ ပြောကြားလိုပါတယ်။ ရခိုင်လူမျိုးတွေဟာ ဒီမိုကရေစီရေးနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးကို အထူးလိုလားနေကြပါတယ်။ င်္ဒီညီလာခံက ပေါ်ထွက်လာမယ့် ရလဒ်တွေဟာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတက်ရေးနဲ့ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဖေါ်ဆောင်နိုင်လိမ့်မယ်လို့လည်း ကျနော်တို့ ယုံကြည် မျှော်လင့်နေပါတယ်” ဟု သူက ဆိုသည်။
ယင်းနောက် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းမှ အမှာစကား ဆက်လက် ပြောကြားသည်။
ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းမှ “ ယခုအခါ မြန်မာနိုင်ငံ နိုင်ငံရေးပြုပြင်ပြောင်းလဲမူတွေနဲ့ နိုင်ငံရေး ဖြစ်စဉ်တွေမှာ ရခိုင်တိုင်းရင်းသားတွေ အနေနဲ့ တခြားတိုင်းရင်းသားတွေနဲ့ အတူ ပူးပေါင်း ပါဝင်သွားကြပါ။ ညီလာခံ ထမြောက်အောင်မြင်အောင်နဲ့ ပြည်ထောင်စုကြီး ကောင်းကျိုးချမ်းသာကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်” ဟု ဆိုသည်။
တတိယ အနေဖြင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ အလိုတော်ပြည့် ကျောင်းမှ ရဟန်းတော် တို့မှလည်း အသီးသီးအမှာစကားများ ပြောကြားခဲကြသည်။
ဖွင့်ပွဲအခမ်းအနားမှာ နံနက် ၁၀ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: