Friday, July 4, 2014

ANP တွေ့ဆုံပွဲသို့ လူပေါင်း (၈၀၀) ခန့်တက်ရောက်ခဲ့ခြင်းက ရခိုင်အမျိုးသားရေးကို ပိုမို စိတ်ဝင်စားလာမူကို ပြသနေခြင်းဖြစ်သည်ဟု ပါတီ ခေါင်းဆောင်ကဆို

(ရန်ကုန်တွင် ပြုလုပ်သော ANP တွေ့ဆုံပွဲ အခမ်းအနား (ဓါတ်ပုံ-နိရဉ္စရာ/ မင်းဆက်ခိုင်)
(ရန်ကုန်တွင် ပြုလုပ်သော ANP တွေ့ဆုံပွဲ အခမ်းအနား
(ဓါတ်ပုံ-နိရဉ္စရာ/ မင်းဆက်ခိုင်)
ဇွန်လ ၂၈ ရက်နေ့က ရခိုင်အမျိုးသားပါတီ (ANP) မှ ရန်ကုန်မြို့ တော်ဝင်နှင်းဇီခန်းမတွင် ပြုလုပ်သော ပါတီဝင်များနှင့် ပါတီမိတ်ဆွေများတွေ့ဆုံပွဲသို့ ရခိုင်အမျိုးသား (၈၀၀) ခန့် တက်ရောက်ခဲ့ခြင်းသည် ရခိုင်အမျိုးသားရေးကို ရခိုင်အမျိုးသားများက ယခင်ကထက် ပိုမိုစိတ်ဝင်စားမူ ရှိလာကြောင်းကို ပြသနေခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီမှ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးလှမြင့်က ဆိုသည်။
“ ကျွန်တော် သက်တမ်းတလျှောက်မှာ နိုင်ငံရေး ပါတီတစ်ခုကလုပ်တဲ့ တွေ့ဆုံပွဲကို ရခိုင်လူမျိုးတွေ ဒီလိုတက်ရောက်တာ တစ်ခါမှ မတွေ့ဖူးဘူး။ ဒီတွေ့ဆုံပွဲကို ရခိုင်အမျိုးသား ၈၀၀ ကျော်မယ်လို့ ခန့်မှန်းရတယ်။ ဒီလိုတက်ရောက်လာတဲ့ အတွက် ရခိုင်အမျိုးသားတွေဟာ ရခိုင်အရေးကို အရင်ကထက် ပိုမိုစိတ်ဝင်စားလာတာကိုတွေ့ရပါတယ်” ဟု သူက ဆိုသည်။
တက်ရောက်သူ လက်မှတ်စာရင်းတွင် လူပေါင်း ၆၀၀ ကျော် လက်မှတ်ရေးထိုးခဲ့သော်လည်း တက်ရောက်သူမှာ ၈၀၀ ကျော်နိုင်ကြောင်း သူက ဆိုသည်။
“ ရခိုင်လူထုက ရခိုင်နိုင်ငံရေးကို အထူးစိတ်ဝင်စားတယ်။ ထဲထဲဝင်ဝင် ကို စိတ်ဝင်စားတယ်။ သူတို့ရဲ့ မေးခွန်းတွေက ၁၀၀ ကျော် တက်တယ်။ အဲဒီမေးခွန်းတွေကို ကြည့်ခြင်းအားဖြင့် ရခိုင်အမျိုးသားတွေရဲ့ ရခိုင်နိုင်ငံရေး၊ ရခိုင်အမျိုးသားရေး  အပေါ်မှာ စိတ်ဝင်စားမူနဲ့ ရေရှိန်ဟာမြင့်လာတယ်လို့ သုံးသပ်ရပါတယ်” ဟု သူက ဆိုသည်။
မေးခွန်းများထဲတွင် ပါတီ ရည်ရွယ်ချက်၊ ပါတီပေါင်းစည်းရေးကိစ္စ၊ ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်ရေး ကိစ္စတွေအပြင် မေးနေကျ မေးခွန်းများ ဖြစ်ကြသော ဘင်္ဂလီအရေး၊ ရခိုင်ပြည်နယ် အလုပ်အကိုင် ရှားပါးမူနဲ့ ရွှေ့ပြောင်း အခြေချမူများ အပါအ၀င် မေးခွန်းပေါင်းစုံကို မေးမြန်းခဲ့ကြသည်ဟု ဆိုသည်။ယင်းပါတီဝင်များနှင့် ပါတီ မိတ်ဆွေများတွေ့ဆုံပွဲသို့ ပါတီမှ တာဝန်ရှိ လူကြီးမျာ ဖြစ်ကြသည့် ဦးအေးသာအောင်၊ ဒေါက်တာ အေးမောင်၊ ဦးကျော်မြင့်၊ ဦးဦးလှစော၊ ဦးဇော်အေးမောင်၊  ဦးလှမြင့်၊ ဦးဘရှင်၊ ဦးထွန်းအောင်ကျော်၊ ဦးမျိုးကျော်၊ ဦးထွန်းရွှေသိန်း စသည့် ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ “ ပါတီခေါင်းဆောင်တွေကတော့ တတ်နိုင်သလောက်တော့ ရှင်းပြကြပါတယ်။ အားရကျေနပ်မူ အတိုင်းအတာက ဘယ်လောက်ထိ ရှိသလဲဆိုတာကတော့ တက်ရောက်လာတဲ့ ပရိသတ်တွေဘဲ သိပါလိမ့်မယ်” ဟု ဦးလှမြင့်က ပရိသတ်များ၏ သဘောထားကို မေးမြန်းစဉ် ထိုသို့ ပြောဆိုသည်။
ရခိုင်အမျိုးသားပါတီ၏ ပါတီဝင်များနှင့် ပါတီမိတ်ဆွေများ တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ရခြင်းမှာ ALD နှင့် RNDP ပါတီနှစ်ခု ပေါင်းစည်းပြီးနောက် နှစ်ဘက် ပါတီများမှ ပါတီဝင်အချင်းချင်းတွေ့ဆုံရန်၊ ပါတီနှင့် ပတ်သက်ပြီး သိလိုအချက်များကို တင်ပြရန်နှင့် သိလိုသော မေးခွန်းများ မေးမြန်းခွင့်ရရန်၊ ရန်ကုန်တွင် ပါတီ ဖွဲ့စည်းသောအခါ လုပ်နိုင်ကိုင်နိုင် အရည်အချင်းရှိသူများ ပါဝင်နိုင်ရန် ရည်ရွယ်၍ တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
ယခုတွေ့ဆုံပြီးနောက် ရခိုင်အမျိုးသားများပါတီမှ မားမားမတ်မတ်နှင့် ရခိုင်ပြည်သူများကို ဦးဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင်လည်း ရခိုင်အမျိုးသားပါတီကို ခိုင်ခိုင်မာမာနှင့် ဖွဲ့စည်းနိုင်လိမ့်မည် မျှော်လင့်ကြောင်၊ ရခိုင်အမျိုးသားများ နိုင်ငံရေး လုပ်လာရာတွင် ယခုအချိန်သည် အမြင့်ဆုံး ပေါင်းစည်း၍  ရသောအချိန် ဖြစ်သဖြင့် တစ်ပါတီတည်း အဖြစ် ရပ်တည်လာသော ရခိုင်အမျိုးသားပါတီကို ရခိုင်အမျိုးသားများ အနေဖြင့် အမြင့်ဆုံး အားပေး ထောက်ခံလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဦးလှုမြင့်က ပြောဆိုသွားသည်။
 (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: