Monday, July 28, 2014

ပန်းမြောင်းတိုက်နယ် ANP ကော်မီတီ ဖွဲ့စည်း

အစည်းအဝေးတက်ရောက်လာကြသော ပန်းမြောင်းမှ မျိုးချစ်ပြည်သူများ (ဓါတ်ပုံ- နိရဉ္စရာ)
အစည်းအဝေးတက်ရောက်လာကြသော ပန်းမြောင်းမှ မျိုးချစ်ပြည်သူများ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်အမျိုးသားပါတီ ANP ပန်းမြောင်းတိုက်နယ် ကော်မီတီကို လူပေါင်း (၃၀) နှင့် ယမန်နေ့က ဖွဲ့စည်းလိုက်သည်။
လူပေါင်း ၅၀ ကျော်တက်ရောက်ခဲ့သော အစည်းအဝေးမှ ပန်းမြောင်းတိုက်နယ် ရခိုင်အမျိုးသားပါတီကို ဦးဆောင်နိုင်ရန် ကော်မီတီ (၃၀) ကို မဲစနစ်ဖြင့် ရွှေးချယ်တင်မြောက်ခဲ့ကြသည်ဟု တက်ကြွ လူပ်ရှားသူ တစ်ဦးက ပြောသည်။
“ ပန်းမြောင်း အောင်မင်္ဂလာစာသင်တိုက် ဓမ္မာရုံမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကနေ လူပေါင်း ၃၀ ပါ ကော်မီတီကို ဖွဲ့စည်းခဲ့ကြပါတယ်” ဟု သူက ဆိုသည်။
ပန်းမြောင်းတိုက်နယ် ရခိုင်အမျိုးသားပါတီ (ပ) ခေါင်းဆောင် အဖြစ် ဦးမောင်လှဝင်း၊ (ဒု) ခေါင်းဆောင် အဖြစ် မောင်မောင်မြင့် တို့ကို ရွှေးချယ်တင်မြောက်ခဲ့ကြသည်ဟု ဆိုသည်။
“ လာမယ့် ကြားဖြတ်ရွှေးကောက်ပွဲကို အားဖြည့်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းတာ ဖြစ်ပါတယ်။ မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်က လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလိုအပ်နေပါတယ်။ ပါတီကလည်း စီစဉ်ပေးမယ်လို့သိရတဲ့ အတွက် ကြားဖြတ်ရွှေးကောက်ပွဲမှာ အောင်နိုင်ရေး အတွက် အခုကတည်းက စည်းရုံးရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်အောင် ခုလို ကော်မီတီကို ဖွဲ့စည်းရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ကွယ်လွန်သွားခဲ့ကြသော ဦးအောင်စိန်သာ၏ အမျိုးသား လွှတ်တော်နေရာနှင့် ဦးမောင်စောဖြူ၏ ပြည်သူ့လွှတ်တော် နေရာ-  (၂) ခု လစ်လပ်နေသည်။ ယခုနှစ်ကုန်ပိုင်းတွင် ပြုလုပ်မည့် ကြားဖြတ်ရွှေးကောက်ပွဲ ယင်းနေရာနှစ်ခုကို နိုင်ငံရေး ပါတီအများအပြားက ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
“ ပါတီကတော့ မင်းပြားမြို့နယ်မှာ လစ်လပ်နေတဲ့ နေရာ (၂) ခုစလုံးမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ဘယ်သူ့ကို ကိုယ်စားလှယ်ရွှေးမယ်ဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး” ဟု ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးစံကျော်လှက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: