Friday, July 4, 2014

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရခိုင်အမျိုးသားကို ခန့်အပ်ရန် နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင် တောင်းဆို

နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင် တောင်းဆိုနေကြစဉ်။
နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင် တောင်းဆိုနေကြစဉ်။
နုတ်ထွက်သွားသော ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်လှတင်၏ နေရာတွင် ရခိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကိုသာ အစားထိုး ခန့်အပ်ရန် နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင် တွင် ရခိုင်အမျိုးသား (၃၀) ခန့်မှ  ဇွန်လ ၂၈ ရက်နေ့က ဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်ကာ တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။
” ရခိုင်ပြည်သူများ ရွေးကောက်တင်မြှာက်ထားတဲ့  ရွေးကောက်ခံ ကိုယ်စားလှယ် မဟုတ်ပဲ စစ်ဗိုလ်ချုပ်တယောက်ကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဟာ ရခိုင်ပြည်ကို ပြည်ထောင်စုအတွင်းက ပြည်နယ်တခုအဖြစ် သဘောမထားလို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒီအတွက် လာဆန္ဒပြတောင်းဆိုတာပါ” ဟု  ဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်သည့် ခိုင်ဘခင်က ပြောသည်။ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရန် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ် မောင်မောင်အုန်းအား ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ က အဆိုပြုခဲ့သည်။ ယင်းနောက်ပိုင်းတွင် ယခုတောင်းဆိုမူ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဆန္ဒပြပွဲတွင် ပါဝင်သူတဦးဖြစ်သည့် ခိုင်မျိုးထွန်း မှလည်း ” သမ္မတ ဦးသိန်းစိန်အနေဖြင့် စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်နေတယ်လို့ ပြောဆိုပြီး  တစ်ဘက်မှာ ဗိုလ်ချုပ်တစ်ဦးကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ အဆိုတင်သွင်းတာဟာ ပြောတာနဲ့ လုပ်တာ တစ်ခြားစီ ဖြစ်နေတယ်ဆိုတာ သိသာ ထင်ရှားနေပါတယ်” ဟု ဆိုသည်။
ဆန္ဒပြပွဲတွင် ပါဝင်သူ မမေသူခင်ကလည်း  “ မြန်မာ တနိုင်ငံလုံးရှိ အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရွေးကောက်ခံ အရပ်သားများကိုသာ ၀န်ကြီးအဖြစ် ခန့်အပ်ထားပြီး ရခိုင်ပြည်နယ် တခုတည်းတွင်သာ စစ်ဗိုလ်ချုပ်ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဟာ မတရားဘူး၊ ဒီလုပ်ရပ်ဟာ ဒီမိုကရေစီ အတုအယောင်သာဖြစ်တယ်” ဟု သူမက ပြောသည်။
ဆန္ဒပြပွဲကို နေ့လည် ၁ နာရီမှ ညနေ ၃ နာရီထိ ပြုလုပ်ခဲ့ကြကြောင်းနှင့် လူ ၃၀ ခန့် တက်ရောက်ခဲ့ကြကြောင်း ခိုင်ဘခိုင်က ပြောဆိုသည်။
ပြည်ပရောက် ရခိုင်အမျိုးသားများက ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ရခိုင်အမျိုးသားကိုသာ ခန့်အပ်ရန် တောင်းဆိုနေသော်လည်း ဇွန်လ (၃၀) ရက်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် အရေးပေါ် လွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်အုန်းအား ကန့်ကွက်သူ တစ်စုံတစ်ဦးမှ မရှိဘဲ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် အတည်ပြု ခန့်အပ်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: