Monday, July 28, 2014

အဉ္စနအလင်းတန်းပညာရေးဖေါင်ဒေးရှင်းက ပန်းမြောင်းတွင် ပညာသင်ဆုချီးမြှင့်

Pam-Myung
ဆုပေးပွဲ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ/ လှဝင်း)
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတွင် အဉ္စန အလင်းတန်း ပညာရေး ဖေါင်ဒေးရှင်း မှ  ပညာသင်ဆု ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၁၈ ရက်နေ့က ပန်းမြောင်း အထက်တန်းကျောင်း ခန်းမဆောင်တွင် ပြုလုပ်ခဲ့ပြီး ဆုရ ကျောင်းသား ကျောင်းသူများ၊ အစိုးရ ၀န်ထမ်းများ၊ ဆရာ ဆရာမများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း အသင်းတာဝန်ရှိသူ ကိုလှဝင်းက ယခုလို ရှင်းပြပြောဆိုသည်။
“ ကျွန်တော်တို့ ဒီ အဉ္စနအလင်းတန်းပညာရေးဖေါင်ဒေးရှင်းကို၂၀၁၃ ခုနှစ်က ဖွဲ့စည်းတည်ထောင် ခဲ့ပါတယ်။ အဲဒီတည်ထောင်ခြင်း တနှစ်ပြည့်နေ့မှာ ခုလို ဆုချီးမြှင့်တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
၎င်းအခမ်းအနားတွင် စာတော်ပြီး စာသင်ရန် အခက်အခဲကျနေသော ကျောင်းသား နှစ်ဦးအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပြီး တခြားထူးချွန်သူ ကျောင်းသား ကျောင်းသူ (၉) ဦးခန့်ကိုလည်း ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
Pan-maung
“ ကျွန်တော်တို့မှာ ရန်ပုံငွေ နည်းနေတဲ့ အတွက် ကျောင်းသား ကျောင်းသူ အနည်းကိုဘဲ ပညာသင် ထောက်ပံ့ကြေးပေးနိုင်ပါတယ်။ လာမယ့်နှစ်တွေမှာတော့ ဒီထက် ပိုပေးနိုင်အောင်ကြိုးစား ဆောင်ရွက်သွားပါ့မယ်။ ကျွန်တော်ရည်ရွယ်ချက်က ပညာတော်တဲ့ ကလေးတွေ အချို့က ဆင်းရဲနွမ်းပါးကြပါတယ်။ ဒီ လူငယ်လူရွယ်တွေကို တဖက်တစ်လမ်းက ကူညီပေးစေလိုတဲ့ ဆန္ဒနဲ့  ခုလို စီစဉ်ရတာ ဖြစ်ပါတယ်” ဟု ကိုလှဝင်းက ပြောကြားသည်။
အဉ္စန အလင်းတန်း ပညာရေး ဖေါင်ဒေးရှင်းကို ၂၀၁၃ ခုနှစ်တွင် ကလေးငယ်များ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီး ပန်းမြောင်းကျေးရွာ၌ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: