Wednesday, July 9, 2014

ဝန်ကြီးချုပ်အသစ်အတွက် ရခိုင်ပြည်နယ်၏ ပုစ္ဆာများနှင့် ရခိုင်တို့၏သဘောထား

ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်း, ရခိုင်ပြည်နယ် လွှတ်တော်, ရခိုင်ပြည်နယ် ၀န်ကြီးချူပ်, ဘင်္ဂါလီ လူမျိုး, ရခိုင် ပြည်နယ် အစိုးရ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာသည့် ဦးမောင်မောင်အုန်းအတွက် ဖြေရှင်းရမည့် ရခိုင်ပြည်နယ်အရေး ကိစ္စများမှာ အလွန်များပြားပြီး ကိုင်တွယ်ရခက်ခဲနိုင်သည်။ ထိုအခက်အခဲများက မြန်မာပြည်တွင်းရေးသာမက နိုင်ငံတကာ မျက်နှာစာတွင်ပါ အကျိုးသက်ရောက်မှုရှိစေမည့် အရေးကိစ္စများပင် ဖြစ်သည်။
ရခိုင်ပြည်သူလူထုအပါအ၀င် ရခိုင်အရေးကို စိတ်ဝင်စားသော အခြားတိုင်းရင်းသားများပင် ရခိုင်ပဋိပက္ခများကို စိတ်ဝင်စားသူများက တူညီသော မေးခွန်း တစ်ခုသာရှိသည်။ ထိုမေးခွန်းသည်ကား “ရခိုင် ပဋိပက္ခကို ၀န်ကြီးချုပ်မောင်မောင်အုန်း ဘယ်လိုဖြေရှင်းမလဲ”ဟူသည့် မေးခွန်းပင် ဖြစ်သည်။
လက်ရှိရခိုင်ပြည်နယ်တွင် ရခိုင်လူထု နှင့် ဘင်္ဂါလီလူမျိုးစု နှစ်စုကြားဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ပြေလည် စေရေးအတွက် ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်က အကြံပြုထားသော ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေ အကောင်အထည်ဖော်ရေးသည် အဓိကအရေးကြီးသော ကိစ္စတစ်ခုဖြစ်နေသည်ဟုလည်း ဝေဖန်မှုများရှိ နေသည်။
၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေ အကောင်အထည်ဖော်ပြီးပါက မည်သို့ဆက်လက်လုပ်ဆောင်မည်နည်းဆို သော မေးခွန်းကိုမူ ၀န်ကြီးချုပ်အနေဖြင့် အဖြေ မပေးနိုင်သေးပေ။
ထို့ပြင် နယ်စပ်လုံခြုံရေးပြဿ     နာ၊ ပင်လယ်ပြင်လုံခြုံရေးပြဿနာ၊ မကြာမကြာထိ တွေ့လေ့ရှိသော လူမျိုးစုနှစ်စု ကြား ပြဿ     နာရခိုင်တိုင်းရင်းသားများနှင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များအကြား ဖြစ်ပွား နေသည့် ပြဿနာတို့ကလည်း ၀န်ကြီးချုပ်သစ်၏ ပုခုံးပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကျ ရောက်လာနေသည်။ ထိုထဲတွင် ရခိုင်ပြည်နယ်မှ ထုတ်ယူလျှက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ဒေသခံတို့၏ မကျေ လည်မှုများ ကလည်း ၎င်း၏သက်တမ်းတွင် ဖြေရှင်းရမည့်ကိစ္စရပ်များ ဖြစ်သည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနှင့်တည်ငြိမ်ရေး တစ်ပြိုင်တည်း ဘယ်လိုလုပ်မလဲ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကို တစ်ပြိုင်တည်း ပူးတွဲဆောင်ရွက်ရ မည်ဖြစ်ပြီး ဟန် ချက်ညီညီ ထိန်းညှိသွားနိုင်ရန် လိုအပ်သည်ဟု ၀န်ကြီးချုပ်သစ် ဦးမောင်မောင်အုန်းက ပြောကြားဖူးသည်။
ဒေသဖွံ့ဖြိုးရေးအတွက် ငွေကျပ် ၁၅ သန်းကို အစိုးရက ချမှတ်ပေးထားပြီး လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးရေး လုပ်ငန်းများကို ပူးတွဲလုပ်ဆောင်မည်ဟု ဆိုလေသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ကျောက်ဖြူ မြို့တွင် ဖြစ်ပေါ်လာမည့် အထူးစီးပွားရေး ဇုန်စီမံကိန်း၊ ရေနက်ဆိပ် ကမ်းစီမံကိန်း၊ ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းများနှင့် ငပလီကမ်းခြေဒေသ ဟိုတယ်စီမံကိန်းများ ကိုလည်း သူတာဝန်ယူရမည့် သက်တမ်းအတွင်း လုပ်ဆောင်ရပေဦးမည်။
“ရခိုင်ပြည်နယ်က အခုဖွံ့ဖြိုးမှုအားအနည်းဆုံးဖြစ်တယ်။နောက်ပိုင်းမှာတော့ မြင့်တက်သွားမယ်”ဟု ၀န်ကြီး ချုပ်က ၎င်းတာဝန်ယူစဉ်ကာလအတွင်း အောင်မြင်အောင် လုပ်ဆောင်မည်ဟု ယုံယုံကြည် ကြည် ပြောခဲ့ သည်။
ထိုပုစ္ဆာများကို ၀န်ကြီးချုပ်သစ်က ကျန်ရှိသည့် သက်တမ်းကာလအတွင်း မည်သို့ အောင်မြင်အောင် ဖော် ဆောင်သွားမည်ဆို သည်ကတော့ အဖြေထုတ်နိုင်ရန် စောလွန်းနေသည့် အခြေအနေဖြစ်သည်။
ဝန်ကြီးချုပ်သစ်က ရခိုင်ပြည်အရေး ဖြေရှင်းပေးနိုင်မယ်လို့မထင်
ရခိုင်အမျိုးသားပါတီ ပထမခေါင်း ဆောင် ဦးအေးသာအောင်က“၀န်ကြီးချုပ် ဦးမောင်မောင်အုန်းအနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခတွေကို ဘယ်လိုပဲဖြေ ရှင်းမယ်ပြောပြော၊ ရခိုင်တိုင်းရင်းသားတစ်ဦးကဲ့သို့ ဆောင်ရွက်မယ်ပြောပြော ပြည်ထောင်စုအစိုးရက ပံ့ ပိုးပေးမှသာလုပ်နိုင်မယ်။ ဒီ ပြဿနာတွေကို သူဖြေရှင်းနိုင်ဖို့ကြွေးကြော်ထားပေမယ့် ကျွန်တော်တို့အနေနဲ့ သိပ်မထင်ဘူး။ ဒါပေမဲ့ ပြဿနာအသီးသီးကို အကုန်အစင် မဖြေရှင်းနိုင်ပေမယ့် အစပျိုး နိုင်ခဲ့ရင် လမ်းစဖော် နိုင်ခဲ့ရင်တော့ ကျေးဇူးတင်ရမှာပေါ့။ ဒီလိုမလုပ်နိုင်ခဲ့ရင် ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ပြည်ထောင်စုအစိုး ရကိုလည်း ယုံကြည်မှုကင်းမဲ့သွားလိမ့်မယ်။ သမ္မတက တိုက်ရိုက်ခန့်အပ်ထားတာ ကို ကျွန်တော်တို့တွေ က လက်ခံထားရတာကိုး”ဟု ဆိုလေသည်။
ရခိုင်တိုင်းရင်းသားတွေ ဘာကြောင့် ၀န်ကြီးချုပ်မဖြစ်သလဲ
ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်အမျိုးသားပါ တီ ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ် ၁၈ ဦး၊ ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၆ဦး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသည် ရခိုင်တိုင်းရင်းသားများ ဖြစ်ကြသည်။ လွှတ်တော်ထဲတွင် တပ်မတော်မှ ကိုယ်စားလှယ် ၁၂ ဦးတို့ လည်း ပါဝင်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အဆိုပါလွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင် ၀န်ကြီးချုပ်အ ဖြစ် တာဝန်ထမ်းဆောင်နိုင်ဖို့ အရည်အသွေးပြည့်မီခြင်းမရှိ ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင်ဝန်ခံထားသည်။
“၀န်ကြီးချုပ်နေရာအတွက် ကျွန်တော်တို့ အဆင်သင့်မဖြစ်သေးဘူး”ဟု ရခိုင်အမျိုးသားပါတီ ကျောက်တော် မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။
ရခိုင်ပါတီဝင်တွေ သဘောထားပြောင်းလဲလာ
ရခိုင်ပြည်နယ်၏ တိုင်းရင်းသားပါတီ ဖြစ်သော ရခိုင်အမျိုးသားပါတီကရခိုင် ပြည်နယ်ဝန်ကြီးချုပ်ဦးလှမောင်တင် ရာထူးမှ နုတ်ထွက်စတွင် ရခိုင်ပြည်နယ်၏ ၀န်ကြီး ချုပ်သည် ရခိုင်တိုင်းရင်းသားဖြစ်ရမည် ဟု ကြေညာခဲ့သည်။ သို့သော် ထိုကြေညာ ချက်သည် တစ်ပတ်မျှ ပင်သက်တမ်းမရှိ ခဲ့ပေ။
ရခိုင်ဝန်ကြီးချုပ်သည် ရခိုင်တိုင်းရင်းသားဖြစ်ရမည်ဟု ကြွေးကြော်ခဲ့သော ရခိုင်ပါတီဝင်များသည် တစ်ပတ် အတွင်းသဘောထားနှင့် ပြောစကားများ ပြောင်းလဲလာခဲ့သည်။
“သမ္မတကြီးက အခြေခံဥပဒေရဲ့ အားနည်းချက်ကို အားသာချက်အဖြစ်အသုံးမပြုသင့်ဘူး။ တိုင်းရင်း သား ဒေသတွေ တစ်ခုပြီးတစ်ခု ၀န်ကြီးချုပ်ကို ဒီလိုခန့်အပ်လာရင် အစဉ်အဆက်ဖြစ်သွားမှာစိုးတယ်” ဟု ရခိုင် အမျိုးသားပါတီခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။
မြန်မာငြိမ်းချမ်းရေးစင်တာတွင် သမ္မတ အကြံပေးဒေါက်တာကျော်ရင်လှိုင်အပါအ၀င် ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် မောင်မောင်အုန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာနမ်ဘီးယားနှင့် ရခိုင်ပြည် နယ်အရေးကိစ္စများ တစ်စိုက်မတ်မတ်လုပ်ဆောင်လာခဲ့သော ရခိုင်အင်အားစုအဖွဲ့များတွေ့ဆုံပွဲ နှစ်ရက် ဆက်တိုက်ပြုလုပ်ခဲ့သည်။
သို့သော် ရခိုင်အမျိုးသားပါတီသည် တစ်ပတ်အတွင်း ပြုလုပ်သောပါတီမူဝါဒ ရှင်းလင်းပွဲတွင်မူ ဒေါက်တာ အေးမောင်က “ရခိုင်ဝန်ကြီးချုပ်သည်စစ်တပ်မှလာတယ် ဆိုတာကို ခေတ္တမေ့ထားပါ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုး ရေးအတွက် ရှေးရှုပါ”ဟု ပြောကြားလာခဲ့သည်။
ထို့ပြင်“ကျွန်တော်တို့ ပါတီအနေနဲ့ ၀န်ကြီးချုပ်ကို ကန့်ကွက်ခြင်း၊ ထောက်ခံ ခြင်းမရှိဘူး။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်၊ ထောက်ပြဝေဖန်သွားမယ်”ဟုလည်း ၎င်းက ပြောကြား ခဲ့သည်။
ဝန်ကြီးချုပ်အပေါ်ထားရှိသော ရခိုင်အမျိုးသားပါတီ၏ သဘောထားအမြင်များပြောင်းလဲခြင်းသည် ရခိုင်ဒေ သပြည်သူများအတွက် နားလည်ရခက်သောပုစ္ဆာတစ်ပုဒ် ဖြစ်စေခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ဇူလိုင် ၂ ရက်တွင် အရပ်သားကိုယ်စားလှယ်အဖြစ် ပြောင်းလဲလာခဲ့ပြီ ဖြစ် သည်။ အရပ်သား ၀န်ကြီးချုပ်တစ်ဦးအဖြစ် ရခိုင်ပြည်နယ်အရေးကို ဦးစီးလုပ်ဆောင်မည် ဖြစ်သည်။
ရခိုင်ပြည်နယ်အရေးတွင် ရခိုင်တိုင်းရင်းသားများ၏ သဘောဆန္ဒကို ဦးစားပေးဆောင်ရွက်မည်ဟု ပြော ကြားခဲ့သော ၀န် ကြီးချုပ်မောင်မောင်အုန်းသည် ရခိုင်ပြည်နယ်အရေး မည်သို့အဖြေထုတ်မည်ကို ရခိုင် တိုင်းရင်းသားတိုင်း စိတ်ဝင်တစားစောင့်ကြည့်နေကြမည် ဖြစ်သည်။
(သတင်းအရင်းအမြစ်-  Mizzima)

No comments: