Thursday, July 10, 2014

ရခိုင်ပြည်နယ်တွင် အထူးစီးပွားရေးဇုံနှင့် စက်မှုဇုံ တည်ဆောက်ရန် နေရာလေးခုလျာထားသတ်မှတ်

ပြုပြင်နေသော ထုက္ကန်သိမ်မြင်ကွင်း (ဓာတ်ပုံ- မမြတ်စုမွန်/ဧရာဝတီသတင်းဌာန)
 ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန်များ တည်ဆောက်မည့်နေရာ စုစုပေါင်း လေးခုရှိမည်ဖြစ်ပြီး ယင်းတို့ကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များက ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအတွက် ရင်းနှီးမြုပ်နံမှု စိတ်ဝင်စားလွှာ ခေါ်ယူမည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ ဖွံ့ဖြိုးရေးအတွက် စက်မှုဇုန်တွေ စီးပွားရေးဇုန်တွေပေါ်ပေါက်လာဖို့လိုတယ်။ စီးပွားရေးဖွံ့ဖြိုးမှသာ ပဋိပက္ခတွေတစ်ဖက် တစ်လမ်းကပြေလည်မယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုအားနည်းတာကလည်း ပဋိပက္ခဖြစ် ပွားဖို့ တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ပြီး သက်ဆိုင်တယ်လို့ ဆိုရမှာပေါ့ ” ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီး ဦးအောင်ကျော်မင်းက ပြောသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် အစိုးရက ဆောင်ရွက်ဆဲဖြစ်ပြီး ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်-မောင်တောတို့တွင် အသေးစားအလတ်စား စက်မှုဇုံများ အကောင်အထည်ဖော်မည်ဟု လျာထားခြင်းဖြစ်သည်။
ကျောက်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ ဦးထွန်းကြည်က “ တကယ်ဖြစ် မဖြစ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကတော့ ၂၀၁၂ ကတည်းကပြောလာတာပဲ။ ဒေသတွင်းမှာတော့ ခုထိဘာမှဖြစ်မလာသေးဘူး” ဟုပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် အအေးခန်းစက်ရုံများ၊ အထည်ချုပ်စက်ရုံများ တည် ဆောက်နိုင်မည့် စီးပွားရေးဇုန်တစ်ခု ဖော်ဆောင်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသတွင်းရှိ နှစ်ဖက်အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ်ပြောကြား ခဲ့ခြင်းဖြစ်သည်။
“ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မှာ စက်မှုဇုန်တွေ စိုက်ပျိုးရေးဇုန်တွေအတွက် စိုက်ပျိုးရေးသင်တန်းတွေ တချို့နေရာမှာ ပေးနေပြီ ”ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန်တင်ဒါရွေးချယ်ရေးအဖွဲ့မှ ဦးအောင်ကျော်သန်း က ပြောသည်။
ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ငွေကျပ်သန်းပေါင်း ခုနှစ်သောင်းကျော် အကုန်အကျခံ တည်ဆောက်ရန်လျာထား ပြီး ပုဏ္ဏားကျွန်း မြို့နယ်တွင် လျှပ်စစ်ဓာတ်အားရရှိစေရန် ဒီဇင်ဘာအကုန်တွင် စတင်အကောင်အထည် ဖော်မည်ဟု ဆိုသည်။
စီမံကိန်းများအကောင်အထည်ဖော်ရန် လျာထားမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် EITI အဖွဲ့ဝင် ဦးခိုင် ကောင်းစံက “ဒေသခံအကျိုးစီးပွားနဲ့ အလုပ်အကိုင်ရရှိရေး ကပထမဦးစားပေးဖြစ်သင့်ပါတယ်။ ပြော သလိုအကောင်အထည် ပေါ်လာမယ်ဆို ရင်တော့အကောင်းဆုံးပေါ့ ” ဟု ဆိုသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အစိုးရက ချထားပေးသော ဘတ်ဂျက်ငွေ ၁ ဒသမ ၅ သန်းကို လမ်းပမ်း ဆက်သွယ်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးအတွက်အသုံးပြုမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သစ် ဦးမောင်မောင် အုန်းက ပြောကြားထားသည်။
ယင်းစီမံကိန်းများတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းသည် ၂၀၁၂ ခုနှစ်ကတည်းက စတင်ကြိုး ပန်းခဲ့ခြင်းဖြစ်ပြီး ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မောင်တောစီမံကိန်းများမှာ ပြည်နယ်အစိုးရသက် လက် ထက်တွင် စတင်မည်ဟု ဆိုလာခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- Mizzima Burmese)

No comments: