Wednesday, July 16, 2014

မောင်တောဈေးကြီး မီးစလောင်ခဲ့သည့် ဆိုင်ပိုင်ရှင် ထောင် (၅) လ ချမှတ်ခံရ

Mungdaw
ယမန်နှစ်က ရခိုင်ပြည်နယ် မောင်တောမြို့ ဈေးကြီးတွင် မီးလောင်မူဖြစ်ပွားခဲ့ရာ မီးစတင်လောင်ခဲ့သည့် ဆိုင်ပိုင်ရှင်ကို မောင်တောမြို့နယ် တရားရုံးက ထောင် (၅) လ ချမှတ်လိုက်သည်ဟု သိရသည်။
“ ဟုတ်ပါတယ်။ ဒီလ ၁၄ ရက်နေ့က ပုဒ်မ (၂၈၅) နဲ့ ထောင်ဒဏ် (၅) လချမှတ်လိုက်ပါတယ်။ ထောင်ချခံရသူက အိစ္စမန် ဆိုသူ ဘင်္ဂလီ အမျိုးသား ဖြစ်ပါတယ်” ဟု တရားရေးဝန်ထမ်း တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင် လွန်ခဲ့သောနှစ်က နိုဝင်္ဘာလ ၂၃ ရက်နေ့ ညနေ ၇ နာရီခန့်တွင် မီးလောင်မူ ဖြစ်ပွားခဲ့ရာ ဘင်္ဂလီ လူမျိုးများ ပိုင်ဆိုင်သည့် ဆိုင်ခန်းအမှတ်  2B (11) နှင့် 2B (12) တို့ မီးထဲပါသွားခဲ့သည်။
၎င်းမီးကို ဒေသခံ ရခိုင်များက မတည်ငြိမ်မူကို ဖန်တီးလိုသော ဘင်္ဂလီလူမျိုးအချို့၏ လက်ချက်ဟု ထင်ကြေးပေးခဲ့ကြသော်လည်း မောင်တောခရိုင်ရဲမှူးကြီး ဦးရွှေသန်းမှ ရိုးရိုးတန်းတန်း ခြင်ဆေးခွေမှ တဆင့် ညအချိန် လူမရှိချိန်တွင် မီးစတင်လောင်ခဲ့ခြင်း ဖြစ်သည်ဟု နိရဉ္စရာသို့ ယင်းအချိန်က ပြောကြားခဲ့သည်။
“ ခုလို ပြစ်ဒဏ် (၅) လချမှတ်ခံရတယ်ဆိုတာက ဆုံးရှုံးမူ ပစ္စည်းအနည်းအများ အပေါ်မူတည်တယ်လို့ ထင်ပါတယ်။ ရှို့မီးလို့ တရားရုံးက မဆုံးဖြတ်တာကြောင့် ရိုးရိုးမီးလောင်မူနဲ့ ဆက်စပ်ပြီး ထောင် (၅) လ ချမှတ်ခံရတာ ဖြစ်ပါတယ်” ဟု ယင်းတရားရေးဝန်ထမ်းက ဆိုသည်။
တိုက်တိုက်ဆိုင်ဆိုင် အဆိုပါ နိုဝင်္ဘာလ ၂၃ ရက်နေ့  ညနေ ၉ နာရီခန့်တွင် မောင်တော သုံးမိုင် ရပ်ကွက် အစွန်ရှိ စွန့်ပစ်ထားသော သက်ကယ်မိုး အဆောက်အဦး တစ်ခုလည်း မီးလောင်သွားခဲ့သည်။
ယခုထောင် (၅) လ ချမှတ်ခံရသူ အိစ္စမန်သည် မောင်တောမြို့နယ် ရွှေဇား အလယ်ရွာက ဖြစ်ပြီး ဈေးကြီးရှိ သူ၏ဆိုင်တွင် ဘိနပ်များကို အဓိကထားရောင်းချသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: