Friday, August 1, 2014

ဧရာဝတီတိုင်းမှ ရခိုင်ကိုယ်စားလှယ် (၇) ဦး ANP ညီလာခံသို့တက်ရောက်ခွင့်ရမည်

ANP ခေါင်းဆောင်များ ဧရာဝတီတိုင်းတွင် ရခိုင်လူထုနှင့်တွေ့ဆုံနေကြစဉ်။ (ဓါတ်ပုံ-နိရဉ္စရာ/ ဦးလှမြင့်)
ANP ခေါင်းဆောင်များ ဧရာဝတီတိုင်းတွင် ရခိုင်လူထုနှင့်တွေ့ဆုံနေကြစဉ်။ (ဓါတ်ပုံ-နိရဉ္စရာ/ ဦးလှမြင့်)
ရခိုင်ကျေးရွာပေါင်း (၁၅၀) ခန့်တည်ရှိသော ဧရာဝတီတိုင်းမှ သံတွဲမြို့ ငပလီတွင် ပြုလုပ်မည့် ရခိုအမျိုးသာပါတီညီလာခံ (ANP) သို့ ကိုယ်စားလှယ် (၇) ဦးတက်ရောက်ခွင့်ရမည်ဟု သိရသည်။
“ ဘယ်မြို့နယ်တွေက ရခိုင်ကိုယ်စားလှယ်တွေလည်းဆိုတာတော့ ပြောဖို့ခက်တယ်။ ဘာလို့လည်းဆိုတော့ ဧရာဝတီတိုင်းမှာ ရခိုင်ကျေးရွာပေါင်း (၁၅၀) ခန့်ရှိပြီး အဲဒီရွာတွေအထဲက ရွှေးချယ်မှာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်း ရခိုင်အမျိုးသားပါတီကို နီးစပ်ရာ ကျေးရွာတွေ အလိုက် အဆင့်ဆင့် ဖွဲ့စည်းပြီး အဲဒီကတဆင့် မြို့နယ်၊ ခရိုင် ကိုယ်စားလှယ်ရွှေးပြီး စေလွှတ်မှာဖြစ်ပါတယ်” ဟု များမကြာမီက ဧရာဝတီတိုင်းသို့ စည်းရုံးရေးခရီးဆင်းခဲ့သူများ အထဲမှ တစ်ဦးဖြစ်သူ ANP ခေါင်းဆောင် ဦးလှမြင့်က ပြောသည်။
ရခိုင်အမျိုးသားပါတီ အနေဖြင့် ညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ် ဦးရေ သတ်မှတ်ရာတွင် မြို့နယ် တစ်မြို့နယ်ကို (၅) ဦး၊ ခရိုင်မြို့ တစ်မြို့ကို (၇) ဦးသတ်မှတ်ထားပြီး ဧရာဝတီတိုင်းဒေသကြီးကိုလည်း ရန်ကုန်တိုင်းဒေသကြီးနည်းတူ ခရိုင်အဆင့် သတ်မှတ်ထားသဖြင့် ကိုယ်စားလှယ် (၇) ဦးစေလွှတ်ခွင့်ရမည်ဟု ဆိုသည်။
ယင်းပြင် ဧရာဝတီတိုင်းမှ ရခိုင်အမျိုးသားများ အနေဖြင့် ရခိုင်အမျိုးသားပါတီ အပေါ် စိတ်ဝင်စားမူရှိပြီး ပူးပေါင်းဆောင်ရွက်ရန် စိတ်ထက်သန်နေမူရှိနေသည်ဟု ဦးလှမြင့်က ဆိုသည်။
image-47569baaafe0f9a2db6fbac144bbae555e16c6b0e11f2eb4d914c138b006310b-V
“ ဧရာဝတီတိုင်းက ရခိုင်ကျေးရွာတွေအနေနဲ့ အခုအချိန်ထိ ရခိုင်လိုပြော၊ ရခိုင်လို စားသောက် နေထိုင်တာတွေကို တွေ့ရတယ်။ အခုလို ကျွန်တော်တို့ဆင်းပြီး လူထု တွေ့ဆုံပွဲ လုပ်တော့ အထူးအားရ ကျေနပ်ကြပါတယ်။ အားပေးထောက်ခံကြပါတယ်” ဟု ဆိုသည်။
ရခိုင်အမျိုးသားပါတီမှ ပါတီခေါင်းဆောင် ဦးအေးသာအောင် ဥင်္ီးဆောင်သော ပါတီ ကိုယ်စားလှယ် ၁၂ ဦးပါ အဖွဲ့သည် ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့ထိ ဧရာဝတီတိုင်း စည်းရုံးရေးခရီးအား ပြုလုပ်ခဲ့ပြီး ယင်းခရီးစဉ်တွင် ကညင်းတန်း၊ဟိုင်းကြီး ၂ နေရာ၊ ချောင်းသာ၊ ကံချိုင်၊ ဇီးချိုင်၊ ငွေဆောင်၊ ချောင်းသာနှင့် ပုသိမ်တို့ရောက်ရှိခဲ့ကြသည်ဟု သိရသည်။
ဧရာဝတီတိုင်းတွင် ရခိုင်ကျေးရွာအုပ်စုပေါင်း (၃၃) အုပ်စုရှိပြီး၊ ကျေးရွာပေါင်း (၁၅၀) ခန့်ရှိပြီး ရခိုင် လူဦးရေ (၆) သောင်းခန့်ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးဝန်ကြီး ဦးဘကြူအားကိုးကားပြီး ဦးလှမြင့်က ပြောသည်။
ဧရာဝတီတိုင်းတွင် လူဦးရေ (၆) သန်းခန့်ရှိကာ ကရင်လူဦးရေမှာ (၁၃) သိန်းရှိသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: