Friday, August 15, 2014

အတင်းလူဝတ်လဲ ထောင်ချခံရပြီး လွှတ်မြောက်လာသော ရဟန်းတော်ကို ရခိုင်ပြည်သူ ရာပေါင်းများစွာကြိုဆို

 ထောင်ကလွှတ်လာသော ဦးဓမ္မသေနအားမြောက်ဦးမြို့တွင် သြဂုတ်လ (၆) ရက်နေ့က ကြိုဆိုနေကြစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ထောင်ကလွှတ်လာသော ဦးဓမ္မသေနအားမြောက်ဦးမြို့တွင် သြဂုတ်လ (၆) ရက်နေ့က ကြိုဆိုနေကြစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည် မြောက်ဦးမြို့နယ်တွင် ကျောင်းအငြင်းပွားမူ တစ်ခုကြောင့် အတင်းလူဝတ်လဲပြီး ထောင် (၄) လ ချခံခဲ့ရသော ရဟန်းတော် တစ်ပါး ယမန်နေ့က စစ်တွေမြို့အကျဉ်းထောင်မှ လွှတ်မြောက်လာရာ မြောက်ဦးမြို့တွင် ရာနှင့် ချီသော ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြသည်။
ယင်းလွှတ်မြောက်လာသော ရဟန်းတော်အမည်မှာ ဘဒ္ဒန္တဓမ္မသေန သာသနာ့ဓဇ (ဓမ္မစာရိယ) ဖြစ်ပြီး မြောက်ဦးမြို့နယ် စက်သားရွာ ကျောင်းအငြင်းပွားမူကြောင့် လူဝတ်လဲ ထောင်ချခံခဲ့ရသည်ဟု သိရသည်။
“ ဦးဇင်းကို အခုပြောင်းရွှေ့သွားပြီ ဖြစ်တဲ့ရခိုင်ပြည်နယ်သာသနာရေးမှူး ဦးသောင်းရွှေမှ တရားစွဲဆိုပြီး မြောက်ဦးမြို့နယ် တရားရုံးက လွန်ခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က ထောင် (၄)လ ချလိုက်ပါတယ်။ ဦးဇင်းကို မြောက်ဦးခရိုင်ရဲရုံးမှာ အတင်းသင်္ကန်းချွတ် လူဝတ်လဲပြီးထောင်ထဲကို ပို့ခဲ့တာ ဖြစ်ပါတယ်” ဟု ဦးဇင်း ဘဒ္ဒန္တဓမ္မသေနက နိရဉ္စရာသို့ ပြောကြားသည်။
မည်သည့်အတွက်ကြောင့် ထောင်ချခံရပါသလဲဟု မေးမြန်းရာဦးဇင်းက ယခုလို မိန့်ကြားသည်။
Monk-in-Mrauk-U
“ ဦးဇင်းကို သံဃာအဖွဲ့အစည်းအဆင့်ဆင့် ပြောဆိုဆုံးမလို့ မရဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိကစွဲတာပါ။ ဦးဇင်းကို ဒီပုဒ်မနဲ့ စွဲပေမယ့် ဘယ်ဆရာတော်ကမှ ဦးဇင်းကို အဆင့်ဆင့် ခေါ်ယူ ပြောဆိုဆုံးမတာလည်း မရှိခဲ့ဘူး။ အဲသလို ဆုံးမတာမရှိဘဲ ခုလို တစ်ဘက်သတ် တရားစွဲထောင်ချခံရတာ ဖြစ်ပါတယ်။ ပုဒ်မကတော့ န၀တ ဥပဒေ အမှတ် ၂၀/၉၀ ပုဒ်မ (၁၁) အရ (၁၄) ရက်အရေးယူခိုင်းတာကို မြို့နယ်တရားရုံးက လူဝတ်လဲပြီး ထောင် (၄) လ ချမှတ်ခဲ့ပါတယ်” ဟု ဦးဇင်းက ဆိုသည်။
မြောက်ဦးမြို့နယ် စက်သားရွာကျောင်းအား မင်းဂံဂိုဏ်းမှ ဘဒ္ဒန္တဓမ္မသေန သာသနာ့ဓဇ (ဓမ္မစာရိယ) အား ကျောင်းထိုင်ဆရာတော်အဖြစ် ခန့်အပ်ခဲ့ကြောင်း၊ ထိုသို့ခန့်အပ်ပြီးနောက် ကျောင်းသို့ သွားရောက်ရာ စက်သားရွာမှ  ယင်းဦးဇင်းအား မကိုးကွယ်လိုသူ လူတစ်စုက မြို့နယ် သံဃာနာယကသို့ အကူအညီ တောင်းခံခဲ့သဖြင့် သံဃာနာယကမှ ကျောင်းကို ချိတ်ပိတ်ခဲ့သည်ဟု ဆိုသည်။
ယင်းနောက်ပိုင်းတွင် ဘဒ္ဒန္တဓမ္မသေနသည် မန္တလေးမြို့တွင် ချီးမြှင့်မည့် သာသနဓဇ ဘွဲ့ကို ယူရန် သွားရောက်နေစဉ် မြောက်ဦးမြို့နယ် သံဃာနာယကမှ စက်သားရွာ ကျောင်းကို ပြန်လည် ဖွင့်ပြီး တခြားရဟန်းတော် တစ်ပါးအား ကျောင်းထိုင်အဖြစ်ခန့်အပ်ခဲ့သည်ဟု သိရသည်။
မန္တလေးမှ ဘွဲ့ယူပြီး ပြန်လာသော ဦးဇင်း ဘဒ္ဒန္တဓမ္မသေနမှ စက်သားရွာ ကျောင်းသို့ ဂိုဏ်းဆရာတော်မှ တာဝန်ပေးထားသည်နှင့် အညီ ဂဃ သံဃာ၊ ဂဃအာစရိယ ဂိုဏ်းချုပ်ဆရာတော်မှ ကျောင်းချသည်ဟုဆိုကာ ယင်းကျောင်းသို့ သွားရောက်ရာ ကျောင်းလုသည်ဟု ဆိုကာတရားစွဲခံရပြီး ယခုလို ထောင်ချခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးဇင်း ဘဒ္ဒန္တဓမ္မသေန သာသနဓဇဓမ္မစာရိယအား စက်သွားရာတွင် သုံးပုံနှစ်ပုံခန့် ရွာသားများက ကြည်ညိုကြောင်း၊ မကြည်ညိုသူက အနည်းစုသာရှိပါကြောင်း၊ ယခုကဲ့သို့ သင်္ကန်းအတင်းချွတ်ပြီး ထောင်ထဲပို့ခံရသည်မှာ တရားမျှတမူမရှိကြောင်း၊ ရဟန်းတော်များကို တရားစီရင် ဆုံးဖြတ်ရန် ရဟန်းသံဃာဝိနစ္စ ခုံရုံးဆိုတာရှိကြောင်း၊ ထိုခုံရုံးတွင် အမူကို မဆုံးဖြတ်ဘဲ လူဝတ်ကြောင်များကို စီရင်သော တရားရုံးကို ပို့ပြီး အမူကို ဆုံးဖြတ်ခြင်းမှာ တရားမျှတမူမရှိကြောင်း၊ ရဟန်းသံဃာတော်များ၊ ဒေသခံပြည်သူများ လုံးဝ တရားမျှတမူမရှိဟု ခံယူထားပါကြောင်း၊ သို့သော်လည်း မတတ်သာ၍ အောင့်အည်းသည်းခံရခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့ ပြင်ဈီးဆရာတော်က မိန့်ကြားသည်။
Monk-release-in-Jail
“ မနေ့က ဦးဇင်း ဘဒ္ဒန္တဓမ္မသေန သာသနဓဇဓမ္မစာရိယထောင်က လွှတ်လာတော့ ရခိုင်မင်္ဂလာ စည်တော်တွေကို တီးပြီး လူတွေနဲ့ ရာနဲ့ချီပြီး ကြိုဆိုကြတယ်။  ဒါကဘာကိုပြသလဲဆိုရင် အဲဒီဦးဇင်းဟာ ထောင်ချခံရပေမယ့် အပြစ်မရှိဆိုတာကို လူတွေက သိတဲ့ အတွက် ခုလို ကြိုဆိုကြတာ ဖြစ်ပါတယ်။ ဒါကို သံဃာနာယက ဆရာတော်ကြီးတွေ သိစေချင်ပါတယ်” ဟု ဆရာတော်က ဆက်လက်ပြောဆိုသည်။
စက်သားရွာမှ ကျောင်းတကာကြီး ဦးမောင်ဘသိန်းက ယခုကဲ့သို့ မြို့နယ် သံဃာနာယက၏ ၀င်ရောက် စွက်ဖက်မူကြောင့် စက်သားရွာမှာ ပြိုကွဲသွားခဲ့ရသည်ဟု ဆိုသည်။
“ ကျနော်တို့က ခေါင်းယောင်းဆရာတော်ကြီးက မှန်မှန်ကန်ကန် ကျောင်းထိုင်ဖို့ ချပေးပါလျှက် မြို့နယ် သံဃာနာယကမှနေ ဦးဓမ္မသေနကို နှင်ချပြီး အတင်း သင်္ကန်းချွတ်လိုက်တဲ့ အတွက် စက်သားရွာဟာ ပြိုကွဲသွားပြီး ဦးဓမ္မသေနဟာ လုံးဝထောင်ကျသွားခဲ့ပါတယ်။ ဒီကိစ္စဟာသံဃာကိစ္စ ဖြစ်တဲ့ အတွက် မြို့နယ် သံဃာနာယမှာ အဓိက တာဝန်ရှိတယ်လို့ ပြောလိုပါတယ်” ဟု သူက ဆိုသည်။
ယခုအခါ ဦးဓမ္မသေနအား သင်္ဘောကိုင်း၊ သာစည်ရွာတို့မှ ကိုးကွယ်သော ကံရှည်ကျောင်းတွင် သီတင်းသုံးနေသော  ဂိုဏ်းချုပ် ဆရာတော် ခေါင်းယောင်းဆရာတော်ကြီးထံသို့ ပို့ဆောင်ရန် အတွက် ရဟန်းသံဃာတော်များ၊ တပည့်တကာများသည် သွားရောက်နေကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: