Monday, August 18, 2014

အီဘိုလာရှိ/ မရှိ မြန်မာနိုင်ငံသားတွေ တက်ကနက်နယ်စပ်မြို့မှာ စစ်ဆေးခံရ

Myanmar-boats-in-Teknaf-jetty
မြန်မာဘက်က ၀င်လာတဲ့ ကုန်တင်ဘုတ်တွေကို တက်ကနက် ဆိပ်ကမ်းမှာ တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အီဘိုလာ ဗိုင်းရပ်စ် ရှိ / မရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။
မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရာမှာ အဓိကအချက်အချာကျတဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက တက်ကနက်မြို့ ဆိပ်ကမ်းမှာ အခုလို  မြန်မာဘက်မှ ၀င်လာသူတွေကို အီဘိုလာ (Ebola) ဗိုင်းရပ်စ် ရှိ/ မရှိ စစ်ဆေးတယ်လို့ ဘင်္ဂလာက သတင်းတွေမှာ ဖေါ်ပြပါတယ်။
ခုလို စစ်ဆေးမှုကို သြဂတ်စ်လ ၁၂ ရက်နေ့ ညနေပိုင်းက စပြီး ဆောင်ရွက်နေတာ ဖြစ်ပြီး ဒေါက်တာ တီတူတာရှေ့် ဦးဆောင်တဲ့ အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့ ကျန်းမာရေးအဖွဲ့ တစ်ခုကနေ စစ်ဆေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရာချီရှိတဲ့ မြန်မာနိုင်ငံက ခရီးသွား၊ ကုန်သည်တွေကို စစ်ဆေးခဲ့ပေမယ့် အီဘိုလာနဲ့ ဆက်စပ်တဲ့ ရောဂါ တစ်စုံတစ်ရာ မတွေ့ရဘူးလို့ ဆိုပါတယ်။
အခုလို စစ်ဆေးမှုပြုလုပ်တာဟာ မြန်မာနိုင်ငံမောင်တောမြို့မှာ ဦးနှောက် အမြှေးရောင် ရောဂါနဲ့ သေဆုံးသူ အများအပြားရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အတွက် ဖြစ်တယ်လို့  http://bangla.bdnews24.com သတင်းတပုဒ်မှာ ဖေါ်ပြပါတယ်။
မြန်မာဘက်မှ ၀င်ရောက်လာသူတွေကို အီဘိုလာ စစ်ဆေး ခြင်းမပြုဘဲ သူ့နိုင်ငံထဲကို ဘင်္ဂလာအာဏာပိုင်တွေက ၀င်ရောက်ခြင်း မပြုဘူးလို့ တက်ကနက်ဒေသခံတွေက ပြောပါတယ်။
ဘင်္ဂလာဒေခ်ျ့ ကျန်းမာရေး ၀န်ကြီးဌာနမှလည်း အဆိုပါ ဗိုင်းရပ်စ်ကို စောင့်ကြည့် စစ်ဆေးတဲ့  အဖွဲ့တခုကို ပညာရှင်များနဲ့ ဖွဲ့စည်းထားပြီး တခြား ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့်  အခုအခါ ကမ္ဘာတ၀န်းမှာ သေဆုံးသူပေါင်း ၁၀၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ အဆိုပါ ဗိုင်းရပ်စ်ကို ကုသနိုင်တဲ့ ဆေးဝါးမရှိသေးဘူးလို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း အီဘိုလာ ဗိုင်းရပ်စ်ပိုးမှာ ကြောက်စရာကောင်းပြီး ပြန့်ပွားမှု လျှင်မြန်နေတယ် သတိပေးမူ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ မောင်တောဘက်မှာတော့ ဘင်္ဂလာဒေခ်ျ့ဘက်က ၀င်လာသူတွေကို ခုလို အီဘိုလာ ရောဂါ စစ်ဆေးမူရှိတယ် ဆိုတဲ့ သတင်းတွေတို့ မကြားရသေးဘူးလို့ သိရပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: