Wednesday, September 10, 2014

စိတ်ကြွဆေးပြားများသိုလှောင်ကာ အကြိမ်ကြိမ်ရောင်းဝယ်ဖြန့်ဖြူးခဲ့သည့် Natural Force ကုမ္ပဏီ၏ ဘဏ်စာရင်းများအား ယခုရက်ပိုင်းအတွင်း ပိတ်မည်

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဖွင့်လှစ်ထားသော Natural Force ကုမ္ပဏီရုံးခန်းတစ်ခုကို ယခုလအတွင်း တွေ့ရစဉ်
Natural Force ကုမ္ပဏီပိုင်ရှင်က စိတ်ကြွဆေးပြားများကို သိုလှောင်ကာ အကြိမ်ကြိမ်ရောင်းဝယ်ဖြန့်ဖြူးခဲ့ပြီး ယင်းကုမ္ပဏီ၏ ဖွင့်လှစ်ထားသော ဘဏ်စာရင်းများအားလုံးကို ယခုရက်ပိုင်းအတွင်း ပိတ်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးချုပ်ကျော်ဝင်းက စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
အဆိုပါ Natural Force ကုမ္ပဏီ ပိုင်ရှင်ဖြစ်သူ ရဲထွန်းကျော် နှင့် မခင်သန္တာဝင်းတို့မှ စက်တင်ဘာ ၈ ရက်တွင် ထွက်ဆိုချက်နှင့် မူးယစ်ရဲတပ်ဖွဲ့မှ ရရှိထားသော အချက်အလက်များမှာ ၎င်းတို့အနေဖြင့် စိတ်ကြွဆေးပြားများကို အကြိမ်ကြိမ်ရောင်းဝယ်ဖြန့်ဖြူးခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။
“ မနေ့က ဒီအမှုနဲ့ပတ်သက်ပြီး ထပ်မံဖော်ထုတ်ရရှိခဲ့ပါတယ်။ အဲဒီကုမ္ပဏီရဲ့ လုပ်ငန်းတွေက ဘဏ်တွေမှာ ငွေသွင်းငွေထုတ်မှုတွေကို ဒီရက်ပိုင်းလေးမှာပဲ ပိတ်သိမ်းသွားမှာ ဖြစ်တယ်။ ပိတ်သိမ်းဖို့အတွက် အခုဆက်သွယ်ဆောင်ရွက်နေပါပြီ။ ကုမ္ပဏီက လည်ပတ်နေတဲ့ ငွေကြေးတွေကိုလည်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က စစ်ဆေးနေပါတယ်။ ပြီးရင် လည်ပတ်နေတဲ့ ငွေကြေးတွေကို ပြည်သူ့ပဏ္ဍာအဖြစ် သိမ်းဆည်းဖို့အတွက် ဒုဝန်ကြီးတစ်ယောက်က ဦးဆောင်ပြီးတော့ ဆောင်ရွက်သွားမယ်။ ပြီးရင်တော့ တရားရုံးကသိမ်းဆည်းဖို့ အတွက် အမိန့်ချသွားမှာပါ” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးချုပ်ကျော်ဝင်းက ဆိုသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၉ ရက် ည ၁ဝ နာရီ ၂ဝ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းပေါ်တွင် ယာဉ်တစ်စီးအား ဖမ်းဆီးစစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းအား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ယင်းယာဉ်ပေါ်မှ အမျိုးသားနှစ်ဦး ကို ခေါ်ယူစစ်ဆေးခဲ့သည်။
ယင်းသို့ စစ်ဆေးခဲ့ရာတွင် ယာဉ်ပေါ်ရှိ အမျိုးသားနှစ်ဦးအနက်မှ တစ်ဦးဖြစ်သူ မောင်မောင်အောင်၏ ထွက်ဆိုချက်အရ အမှတ် ၁၈/၅၊ ကုန်းမြင့်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်နေ ရဲထွန်းကျော်နှင့် ဇနီးဖြစ်သူ မခင်သန္တာဝင်းတို့ထံမှ စိတ်ကြွဆေးပြား တစ်သိန်းပြားအား ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရဲထွန်းကျော်နှင့် မခင်သန္တာဝင်းတို့နေအိမ်အား ရှာဖွေခွင့်အမိန့် ၁၁၇/၁၄ ဖြင့် ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ယင်းသို့ရှာဖွေရာတွင် နေအိမ်အပေါ်ထပ် လှေကားဝဲဘက်ထောင့်မှ အညိုရောင် ခရီးဆောင်အိတ်တစ်လုံးအတွင်း၌ အစိမ်းနုရောင်အညိုကွက်ပါ ဘောင်းဘီတိုဖြင့် ပတ်ထားသည့် USA စာတန်းပါ ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်ခြောက်တောင့်ပါ စတီးရောင် ကျည်ကတ်တစ်ခုနှင့် ၎င်းကျည်ခုနစ်တောင့် ပါစတီးကျည်ကတ်တစ်ခုနှင့် MOD.5. CALE 35mm A T C BRNO C2/204926 စာတန်းပါ ပစ္စတိုသေနတ်တစ်လက်၊ အနက်ရောင်ကျည်ကတ်တစ်ခုနှင့် ၎င်းကျည်ခုနစ်တောင့်၊ ပစ္စတိုနှစ်လက်၊ ကျည်ကတ်၊ ကျည်ဆန်များတွေ့ရှိခဲ့သည်။
ထို့အပြင် ပလတ်စတစ်အကြည်ဖြင့် ပတ်ထားသည့် WY နှင့် R စာတန်းပါ နီညီုရောင်စိတ်ကြွဆေးပြား(၁ဝဝ၁ဝ)ပြားပါ ရှစ်ထုပ်၊ ၂ဝဝဝ ပြားပါတစ်ထုပ်၊ ၂ဝဝ ပြားပါ ငါးထုပ်စုစုပေါင်း ၈၃ဝဝဝ ပြား အလေးချိန် ၈၃ ကီလိုဂရမ်ခန့်နှင့် မိုင်းခံစက္ကူဖြင့် ပတ်လျက်အတွင်း၌ ပလတ်စတစ်အကြည်ဖြင့် ပတ်ထားသည့် အလေးချိန် ၃၅ဝ ဂရမ်ရှိသော ဘိန်းဖြူဘလောက်တုံးတစ်တုံးနှင့် အခန်း၏ယာဘက်အခြမ်းရှိ ခရမ်းရောင်ခရီးဆောင်အိတ်အတွင်းမှ ပလပ်စတစ်ကြည်ဖြင့် ပတ်လျက်အတွင်း၌ မှိုင်းခံစက္ကူဖြင့် ထုပ်ထားသည့် WY နှင့် R စာတန်းပါ စိတ်ကြွဆေးပြား ၂ဝဝဝဝ ပြားစီပါ ငါးထုပ်၊ ၁ဝဝဝဝ ပြားပါ တစ်ထုပ်၊ ၂ဝဝဝ ပြားပါလေးထုပ် စုစုပေါင်း ၁၁၈ဝဝဝ ပြားအား တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီပိုင်ရှင်နေအိမ်အတွင်း စုစုပေါင်းဆေးပြား ၂ဝ၁ဝဝဝ၊ စုစုပေါင်းတန်ဖိုး (၁ဝဝ၅ဝဝဝဝဝဝဝ) ကျပ်နှင့် ဘိန်းဖြူ ၃၅ဝ ဂရမ်တန်ဖိုး သိန်း ၃၅ဝ ကျပ်တို့ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကို မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းက မယ(ပ) ၂၅/၂ဝ၁၄၊ မရမ်းကုန်းမြို့မရဲစခန်း မယ(ပ)၇/၂ဝ၁၄ ပြစ်မှုပုဒ်မ ၁၅/ ၁၉(က)/၂ဝ(က)/၂၁/၂၂(ခ)တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ဖော်ထုတ်ရမိချိန်တွင် Natural Force ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ရဲထွန်းကျော်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး စက်တင်ဘာ ၁ရက်တွင် ၎င်း၏သူငယ်ချင်း နေထိုင်သည့် မြောက်ဦးမြို့နေအိမ်၌ ဖမ်းမိခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Opposite Eye)


 

No comments: