Tuesday, November 18, 2014

ဒေသခံများအလုပ်အကိုင်ရရှိရေးအတွက် ကျောက်ဖြူတွင် လုပ်ငန်းရှင်အသင်းဖွဲ့စည်း

IMG_20141103_141523
ဒေသခံများအလုပ်အကိုင်ရရှိရေးအတွက် ကျောက်ဖြူမြို့နယ် မင်းတက်တောင်ကျေးရွာတွင် နိုဝင်ဘာလ ၁၃ ရက်နေ့က အသေးစား စီးပွားရေးလုပ်ငန်းရှင်များနှင့် သယ်ယူပို့ဆောင်အသင်းကိုဖွဲ့စည်းလိုက်သည်ဟုအသင်း၏ ပြန်ကြားရေး တာဝန်ခံ ဦးချမ်းမောင်နုက ပြောကြားသည်။
ယင်းအသင်းကို အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်နှင့် ဒေသခံအခွင့်အရေးများမဆုံးရှုံးစေရန်အတွက် သဲ၊ကျောက်၊ အုတ်လုပ်ငန်းရှင်များနှင့် မော်တော်ယာဉ်ပိုင်ရှင်များစုပေါင်း၍ ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။
“ ပိုက်လိုင်းစီမံကိန်းတုန်းကလည်းဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ မရရှိခဲ့ကြဘူး။ အလုပ်လုပ်ရတဲ့ သူတွေကလည်းအကြွေးကျတယ်။ တစ်ချို့ဆိုရင် ငွေလုံးဝတောင်းလို့မရဘဲ လုံးဝဆုံးရှုံးသွားတဲ့ သူတွေတောင် ရှိကြတယ်”  ဟု ၎င်းက ပြောသည်။
အသင်းတွင် လိုအပ်သလိုအသုံးပြုရန်အတွက် ကားအကြီးတစ်စီးလျှင် ၅၀၀၀ကျပ်နှင့် ကားအသေးတစ်စီးလျှင်လစဉ် ၂၅၀၀ကျပ် ရံပုံငွေထူထောင်သွားမည်ဖြစ်သည်။ အလုပ်လုပ်တဲ့အခါ ဈေးနုန်းကို အသင်းမှ ဆုံးဖြတ်ပေးမည်ဖြစ်ပြီး အကြွေးကျရင်လည်း အသင်းမှ စုပေါင်းတောင်းဆိုသွားမည်ဟု ဆိုသည်။
ကျေးရွာတစ်ရွာတွင် ကုမ္ပဏီတစ်ခုမှ အလုပ်လာလုပ်လျှင် ဒေသခံကားများကိုသာ အသုံးပြုရန် တောင်းဆိုသွားမည် ဖြစ်ပြီး နောက်ထပ်လိုအပ်လာလျှင် အသင်းဝင်များ၏ ကားများကိုမဲစနစ်ဖြင့် အလုပ် လုပ်ကိုင်သွားရန် သဘောတူဆုံးဖြတ်ခဲ့ကြကြောင်း ၎င်းကဆိုပါသည်။
နိုဝင်ဘာ ၃ ရက်နေ့ကလည်းဒေသခံများသင့်တော်သောဈေးနုန်းနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် နှမ်းဖဲတောင်ကျေးရွာတွင် တစ်ကြိမ်ဆွေးနွေးခဲ့ပြီဖြစ်သည်။
အစည်းအဝေးသို့ သိုင်းချောင်း၊ မင်းပြင်၊ ကလာဘာ၊ ကပ်သပြေ၊ ကန္ဒီး၊ အုန်းတော၊ ဂုံးချိန်၊ ဦးကင်း၊ ကြတ္တိန် စသည့် ကျေးရွာအုပ်စု (၉)အုပ်စုမှ လုပ်ငန်းရှင်ပေါင်း(၃၀)ခန့် တက်ရောက်ခဲ့ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: