Friday, November 14, 2014

အရက်တားဆီးပိတ်ပင်ရေးအဆို ရခိုင်ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု

ရခိုင်ပြည်နယ်အတွင်း ဆိုးရွားစွာ အမြစ်တွယ်လျက်ရှိသော အရက်ပြဿနာအတွက် ပြည်နယ်အစိုးရအနေဖြင့် တားဆီးပိတ်ပင်မှုများ ပြုလုပ်နိုင်ရန် ပြည်နယ်လွှတ်တော်တွင် တင်သွင်းသောအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့က ကျင်းပခဲ့သော ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ၁၁ကြိမ်မြောက်ပုံမှန် အစည်းအဝေး ဒုတိယမြောက်နေ့တွင် အထက်ပါအတိုင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။
“ပြည်မဘက်က အရက်အဆီနဲ့ အရက်အတုတွေ ကို အတားအဆီးမရှိဘဲ ရခိုင်ပြည်ထဲကို ၀င်အောင် ဖွင့်ပေးထားတာဟာ ရခိုင်လူငယ်မျိုးဆက်တွေ အညွန့်တုန်းအောင် လုပ်နေတယ်လို့ ယူဆရတယ်ဆိုပြီး ကျွန်တော့်အဆိုမှာ ပါပါတယ်။ အဆိုကို လွှတ်တော် ကိုယ်စားလှယ် သုံးယောက် ထောက်ခံဆွေးနွေးပါတယ်။ သူတို့ ဆွေးနွေးတဲ့နေရာမှာလဲ အချက်အလက် ပြည့်ပြည့်စုံစုံ ပါတာ တွေ့ပါတယ်။ ဒီအဆိုဟာ ရခိုင်ပြည်နယ်အတွက်လဲ အမှန်တစ်ကယ်လိုအပ်တဲ့အတွက် အားလုံးက ကန့်ကွက်သူမရှိဘဲ ထောက်ခံအတည်ပြုလိုက်ပါတယ်” ဟု အဆိုရှင် ဦးအောင်မြကျော် က Rakhine News Agency သို့ပြောသည်။
စစ်တွေ မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် က “ရခိုင်ပြည်နယ် အတွင်း ဖြန့်ဖြူးရောင်းချ နေကြသော တရားမ၀င် အရက်ဆီးများ၊ အရက်များနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်း၊ အရည်အသွေး မပြည့်မီသော အရက်အတုများ ထုတ်လုပ်ရောင်းချ နေမှုများသည် ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ကြီးထွားလာ နေခြင်းကြောင့် လူမှုရေးဆိုးကျိုးများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျက် ရှိသောကြောင့် ရခိုင်ပြည်နယ် အစိုးရ အနေဖြင့် ရေတိုစီမံချက်ဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ ဥပဒေကဲ့သို့ အာဏာတည်သော ရေရှည်စီမံချက်တစ်ခုရေးဆွဲပြီး စီမံဆောင်ရွက်ခြင်း၊ တားဆီးပိတ်ပင် အရေးယူခြင်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးရန် ရခိုင်ပြည်နယ်အစိုးရ အား တိုက်တွန်းကြောင်း” အဆိုကို ရခိုင်ပြည်နယ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေးကျင်းပခဲ့စဉ်က ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းအဆိုကို တပ်မတော်သား ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၃ဦးတို့က ဆွေးနွေးခဲ့ကြပြီး၊ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း က ပြန်လည်ရှင်းလင်း၍ အဆိုကို အတည်ပြုခဲ့သည်။
“လွှတ်တော်ကိုယ်စားလှယ်တွေကတော့ စောင့်ကြည့်နေရမယ့် သဘောရှိတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်က လွှတ်တော် မှာ အရက် ပြဿနာနဲ့ ပတ်သက်လို့ မေးခွန်း တစ်ခါမေးဖူးတယ်။ အဲ့ဒီတုန်းက မေးခွန်းဖြစ်တဲ့အတွက် အစိုးရအနေနဲ့ နှစ်လလောက်လုပ်ပြီး ဆက်မလုပ်တော့ဘူး။ အခုလို ဥပဒေကဲ့သို့ အာဏာတည်သော အဆို အနေနဲ့ဆိုတော့ အစိုးရအနေနဲ့ မဖြစ်မနေလုပ်ရမယ့် သဘောရှိတယ်။ သူတို့ဘက်ကလဲ လုပ်ပါမယ်လို့ အာမခံပြီး ကတိပေးသွားတယ်” ဟု ဦးအောင်မြကျော် ကပြောသည်။
လွန်ခဲ့သည့် ရက်သတ္တပါတ်အတွင်းကလဲ ရခိုင်ပြည်နယ်အတွင်း အရက်အတု၊ အရက်အဆီများ တင်သွင်း၊ ထုတ်လုပ်နေခြင်းကို
တားဆီး ရေးယူပေးရန် နိုင်ငံတော်သမ္မတထံသို့ တောင်းဆိုသည့် စာတစ်စောင် ပေးပို့ရန် အရက်ဆန့်ကျင်တိုက်ဖျက်ရေးအသင်းမှ ဦးထွန်းထွန်းနိုင် (ရခိုင့်အမျိုးသားရေး နိုင်နိုင်) က ကြိုးပမ်းနေပြီး၊ ယင်းတောင်းဆိုစာတွင် စစ်တွေမြို့ရှိ အထင်ကအရ ဆရာတော်ကြီးများ ကလည်း ပါဝင်လက်မှတ်ရေးထိုးပြီး ထောက်ခံမှုပြုထားသည်။
(ဤသတင်းကို Rakhine News Agency မှ ကူးယူဖော်ပြပါသည်)

No comments: