Thursday, November 27, 2014

ရခိုင်အမျိုးသားပါတီ ပန်းမြောင်းတိုက်နယ်ရုံးဖွင့်လှစ်

image-9b8a5c365812da7ea838ac68932a251e92e02b4d6daf4f334a12f9e8509fa1b9-V
ရခိုင်အမျိုးသားပါတီ (ANP) ၏ မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ် ရုံး ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကို နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်က အခမ်းအနားဖြင့် ပြုလုပ်ခဲ့သည်ဟု သိရသည်။
ယင်းအခမ်းအနားကို နံနက် ၈ နာရီ ၃၅ မိနစ်တွင် စတင်ခဲ့ကြောင်း၊ အခမ်းအနားသို့ လူပေါင်း ၁၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြောင်း၊ ဖွင့်ပွဲအခမ်းအနားတွင် ကျဆုံးလေပြီသော ခေါင်းဆောင်များကို တမိနစ်ခန့် ငြိမ်သက်စွာ မတ်တပ်ရပ်ပြီး ဂါရ၀ ပြုခဲ့ကြကြောင်း  ပန်းမြောင်းတိုက်နယ် ANP ပါတီ စာရင်းစစ် ကိုစောထွန်းမောင်က ပြောသည်။
“ ပန်းမြောင်းတိုက်နယ် ရုံးကို ဖွင့်ရတဲ့ အကြောင်းအရင်းက ရခိုင်အမျိုးသားတွေအတွက် ဆောင်ရွက်နေတဲ့ ပါတီ တစ်ရပ်ရဲ့ ရုံးဟာ ဘယ်လို အခြေနေမျိုးမှာ ဖြစ်ဖြစ် ရှိနေသင့်တယ်လို့ ခံယူတဲ့ အတွက် ဒီရုံးကို ကျွန်တော်တို့ ဒေသမှာ ဖွင့်လှစ်ရတာပါ” ဟု ဆိုသည်။
image-8772cd3bca0b0e666509ce052bc2e4ff70de6430318e083e640dd85ca4c1ef4f-V
ပန်းမြောင်းတိုက်နယ် ရခိုင်အမျိုးသားပါတီ ကော်မီကို တက်ကြွသော လူငယ် ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားပြီး ရုံးဖွင့်လှစ်ပြီးနောက်ပိုင်းတွင် ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ ရခိုင်အမျိုးသားရေး ကိစ္စရပ်များကို အလေးပေးဆောင်ရွက်ထားရန် ရည်ရွယ်ထားသည်ဟု ယင်းက ဆက်ဆိုသည်။
ပန်းမြောင်းတိုက်နယ် ရခိုင်အမျိုးသားပါတီ (ပ) ခေါင်းဆောင်အဖြစ် ကိုမောင်လှဝင်း၊ (ဒု) ခေါင်းဆောင်အဖြစ် ကိုမောင်မောင်မြင့်၊ ဘဏ္ဍာရေးမှူး ကိုမောင်သိန်းရွှေနှင့် စာရင်းစစ်အဖြစ် ကိုစောထွန်းမောင်တို့က တာဝန်ယူ ဆောင်ရွက်လျှက်ရှိသည်ဟု သိရသည်။
“ ပါတီတွင်း လက်ရှိ အခြေအနေအချို့ကိုလည်း သိထားပါတယ်။ ဒါပေမယ့် အထက်လူကြီးတွေရဲ့ လမ်းညွှန်ချက်နဲ့ ဆောင်ရွက်သွားပါမယ်။ အဓိကအားဖြင့် ပါတီတွင်း ကျစ်လစ်ခိုင်မာရေးနဲ့ ညီညွှတ်ရေးအတွက် မဖြစ်မနေ တည်ဆောက်ဖို့ ကျွန်တော်တို့ လူငယ်တွေက လူကြီးတွေကို တိုက်တွန်းဆောင်ရွက်သွားမှာပါ” ဟု ယင်းကဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: