Thursday, November 27, 2014

ဗိုလ်လောင်း ၂၃ ဦးအတွက် ရက်လည်ဆွမ်းကျွေးပွဲ အခမ်းအနား ရန်ကုန်တွင် ပြုလုပ်

Monk
မြန်မာ့တပ်မတော်၏လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နိုဝင်ဘာလ ၁၉ ရက်နေ့က KIA ဌာနချုပ် ဗိုလ်သင်တန်းကျောင်းတွင် သေဆုံးသွားသော တိုင်းရင်းသား ဗိုလ်လောင်း ၂၃ ယောက်အား ရည်စူး၍ ရက်လည် ဆွမ်းကျွေးပွဲ အခမ်းအနား တစ်ခုကို ရန်ကုန်မြို့ ဓည၀တီကျောင်းတွင် ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင်  United National Congress ပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမျိုးဝင်းက တိုင်းရင်းသားဗိုလ်လောင်း ၂၃ ယောက် သတ်ဖြတ်ခံရမှုကြောင့် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မည်သူ့ကို ယုံကြည်အားကိုးရမလဲဟု ပြောဆိုသည်။
“မြန်မာပြည် ပြည်တွင်းစစ်က နှစ်ပေါင်း ၆၀ ကျော်လာပြီဖြစ်ပြီး၊စစ်ရဲ့အနိဌာရုံတွေက ကျွန်တော်တို့ တစ်ကိုယ်လုံးကို လောင်မြိုက်ခဲ့ပါပြီ။ နှစ်ပေါင်း ၆၀ ကျော်နောက်ပိုင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာတဲ့ အတွက် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးများရှိလာတော့မှာလားဆိုပြီးမျှော်လင့်ယုံကြည်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားဗိုလ်လောင်း ၂၃ ယောက် တပြိုင်တည်းသတ်ဖြတ်ခံရမှုကြောင့် ငြိမ်းချမ်းရေးအတွက် မည်သူ့ကိုယုံကြည်အားကိုးရတော့မလဲဆိုတာ ဝေခွဲမရတော့ပါဘူး”ဟု ဦးမျိုးဝင်းက ယင်းအခမ်းအနားတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်၏လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် KIA ဌာနချုပ်တွင် သေဆုံးသွားသူ   တိုင်းရင်းသား ဗိုလ်လောင်း ၂၃ ဦးအားရည်ဇူး၍ ကောင်းမှုကုသိုလ်ပြု ရေစက်ချအမျှပေးဝေရန် ရန်ကုန်မြို့ ရွှေတိဂုံ အရှေ့ဘက်မုဒ်အနီး ဓည၀တီကျောင်းတိုက်တွင် သင်္ဃာတော် ၇ ပါးကိုပင့်ဖိတ်၍ ရက်လည် ဆွမ်းကျွေးပွဲအခမ်းအနားတစ်ခုကို နိုဝင်ဘာလ ၂၆ နေ့ နံနက် ၁၀-နာရီ ခွဲတွင်ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် ဓည၀တီကျောင်းထိုင်ဆရာတော်ကြီးအပါအ၀င် သင်္ဃာတော် ၇ ပါးကနိုဝင်ဘာလ ၁၉ ရက်နေ့ကကျဆုံးသွားသူတိုင်းရင်းသားဗိုလ်လောင်း ၂၃ ဦးအားရည်စူးပြီး ပရိတ်တရားတော်များနှင့် အတူ  ငါးပါးသီလ ချီးမြှင့်ပေးခဲ့သည်။ တက်ရောက်လာသူများကလည်း  ကြွရောက်လာသော သင်္ဃာတော် ၇ ပါးအားသင်္ကန်းကပ်လှူခြင်း၊ ရည်စူးလှူဒါန်းသောကောင်းမှုကုသိုလ်များကို ရောက်ရာဘ၀မှ ယင်းဗိုလ်လောင်းများ လက်ခံရရှိစေရန် ရေစက်သွန်ချအမျှ ပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။
ရေစက်သွန်ချ အမျှပေးဝေခြင်းအပြီးတွင် တက်ရောက်လာသောတိုင်းရင်းသားခေါင်းဆောင်များထံမှ ဗိုလ်လောင်းများ ကျဆုံးခြင်းနှင့်ပတ်သက်၍ မိမိတို့၏ရ င်တွင်းခံစားချက်များကိုပြောကြားခြင်း အစီစဉ်တခုကို အကျဉ်းချုံးပြီး ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဌနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီအထွေထွေ အတွင်းရေးမှူးဖြစ်သူစောမြရာဇာလင်းကတိုင်းရင်းသားဗိုလ်လောင်းများအားအခုလိုအစုလိုက် အပြုံလိုက် သတ်ဖြတ်လိုက်ခြင်းအပေါ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် ရခိုင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ကိုယ်စား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင့် သူမရင်တွင်း ခံစားချက်ကို ဖွင့်ဟ ပြောကြားသည်။
“လူအုပ်စုတစ်စုတည်းက အာဏာရယူထားတာကြောင့် ရခိုင်၊ ကရင် ရှမ်းအစရှိတဲ့ တိုင်းရင်းသားလူမျိုးတွေဟာ ကိုယ့်လူမျိုးအတွက် ဆုံးဖြတ်ချက်တွေကိုမချနိုင်ကြဘူး။ တိုင်းရင်းသား လူမျိုးတွေဟာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ အတွက် လက်နက်စွဲကိုင် တော်လှန်ခဲ့ကြရပါတယ်။ အစိုးရက ငြိမ်းချမ်းရေးကိုလိုချင်တယ်လို့ ပါးစပ်ကပြောပြီးအခုလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအပေါ် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ကိုယ်စား ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း” သူမက ပြောကြား သည်။
အစိုးရပစ်ခတ်မှုကြောင့် သေဆုံးသူဗိုလ်လောင်းများမှာTNLA မှ ၁၁ ဦး၊ AA မှ ၈ ဦး၊ CNF မှ ၂ ဦး၊ ABSDF မှ ၂ ဦးဖြစ်ပြီး၊ ဒဏ်ရာရသူဗိုလ်လောင်း ၂၀ ဦးတို့မှာလည်း ဆေးကုသခံနေရဆဲဟု စောမြရာဇာလင်းက ယင်းအခမ်းအနားတွင် ပြောကြားသည်။
“တိုင်းရင်းသားဗိုလ်လောင်းတွေကျဆုံမှုကြောင့် တိုင်းရင်းသားတွေ ဒီတစ်နေရာထဲမှာဆုံစည်းခွင့်ရကြတယ်။ အယင်းတုန်းကတော့ ကိုယ့်ပြည်နယ်အတွက် ကိုယ့်ဒေသမှာပဲ ရပ်တည်တိုက်ပွဲဝင်ခဲ့ကြတယ်။ အခုကျတော့ ဘယ်နေရာမှာပဲ တိုက်တိုက် မိမိတို့ပြည်နယ်အတွက် အကျိုးဖြစ်စေတယ်။ ဒီဗိုလ်လောင်း ၂၃ ဦး ကျဆုံးမှု ဖြစ်ရပ်ကြောင့် ငြိမ်းချမ်းရေးဘယ်လိုဖေါ်ဆောင်ရမလဲဆိုတာ ဝေခွဲမရဖြစ်ခဲ့ရတယ်။ ဒီလိုမျိုး စုပေါင်း တိုက်ပွဲဝင်ကြခြင်းဟာ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကိုဖေါ်ဆောင်လို့ရတယ်ဆိုတာ သက်သေ ပြသွားတာပဲ။ ငြိမ်းချမ်းရေးရအောင် ၀ိုင်းဝန်းဖေါ်ဆောင်ဖို့ တိုက်တွန်းပါတယ်” ဟု ကချင်အရေးအတွက် ဦးဆောင်လှုပ်ရှားနေသူကချင်အမျိုးသမီး မခွန်ဂျာကပြောသည်။
cadets-photo
အခမ်းအနားသို့တက်ရောက်သူချင်းအမျိုးသားလူငယ်တစ်ဦးကလည်းလူငယ်တွေဟာမိမိတို့ပျော်ပျော်နေရမည့်အချိန်၌ တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့ကြရကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း လူငယ်ဘ၀ကို အဆုံးရှုံးခံပြီးတိုင်းပြည်အတွက် လုပ်ဆောင်ခဲ့ဖူးကြောင်း၊ ယခုဖြစ်ရပ်တွင် တိုင်းပြည်အတွက် အသက်ပေးသွားကြသည့် လူငယ်များကိုလေးစားဂုဏ်ပြုကြောင်း၊ လူငယ်များနောက်ထပ် အသက်တွေ ပေးဆပ်စရာမလိုပဲ အနာဂတ်တွင် လူငယ်တို့၏ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြဖို့အတွက် ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ပေးကြပါဟု နိုင်ငံတော်အကြီးအကဲများကိုတောင်းဆိုလိုကြောင်းပြောကြားသည်။
ယင်းအခမ်းအနားဖြစ်မြောက်ရေးအတွက် မြန်မာလူငယ်အချို့အပါအ၀င် တိုင်းရင်းသားလူငယ်များကစုပေါင်း ၀ိုင်းဝန်းလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်းအခမ်းအနားကိုဦးဆောင်စီစဉ်သူရခိုင်လူငယ်တစ်ဦးဖြစ်သူကိုလင်းခိုင်ကနိရဉ္စရာသတင်းဌာနသို့ပြောသည်။
ယင်းအခမ်းအနားသို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်အပါအ၀င် တိုင်းရင်းသားအသီးသီးမှ စိတ်ပါဝင်စားသူ ၆၀ ခန့် တက်ရောက်ခဲ့ကြသည်။
အလားတူအခမ်းအနားမျိုးကိုရခိုင်ပြည်နယ်မြို့ ၄ မြို့တွင်လည်း တပြိုင်တည်း ပြုလုပ်ခဲ့ပြီး မြောက်ဦးမြို့တွင် ကျင်းပသောအခမ်းအနားသို့ လူပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့ပြီးသင်္ဃာ ၅ ပါးကြွရောက်ကာ ပရိတ်တရားချီးမြှင့်ပြီးရေစက်သွန်ချအမျှပေးဝေခဲ့ကြပြီး၊ ကျဆုံးသူဗိုလ်လောင်းများကိုအမှတ်ရသည့်အနေဖြင့် တစ်မိနစ် ငြိမ်သက်အလေးပြုခဲ့ကြောင်း အခမ်းအနားကို စီစဉ်ကျင်းပသူ မြောက်ဦးမြို့ခံဦးအေးမောင်သန်းက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: