Tuesday, December 9, 2014

သမိုင်းဝင် သျှင်ကျော်မုနိဘုရားဓမ္မာရုံပျက်စီးနေမှု ပြုပြင်ရန်အလှူရှင်များလိုအပ်နေ

image-47c0eda81cfa9b1e6348450d9182aec78e65e946dee44878c86e3978aec4a3f0-V
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ သမိုင်းဝင်သျှင်ကျော်မုနိဘုရားကြီး ဓမ္မာရုံပျက်စီးယိုယွင်းနေသည့်အတွက် ပြုပြင်ရန် အလှူရှင်များလိုအပ်နေကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါဓမ္မာရုံမှာ ယခုအခါ နှစ်ကာလကြာမြင့်လာပြီဖြစ်၍ ပျက်စီးယိုယွင်းလာပြီဖြစ်သော်လည်း ဘုရားဂေါပက အဖွဲ့အပါအဝင် အနီးအနားကျေးရွာဒေသခံများမှာ ဆင်းရဲနွမ်းပါးသူများဖြစ်သည့်အတွက် ဓမ္မာရုံကိုပြုပြင်ရန် အခက်အခဲ များကြုံနေကြကြောင်း သိရသည်။
“ကျွန်တော်တို့ဂေါပကအဖွဲ့အပါအဝင် အနီးအနားကျေးရွာတွေကဒေသခံတွေလည်း ပိုက်ဆံမတတ်နိုင်လို့ ဓမ္မာ ရုံကို ပြုပြင်ဖို့အခက်အခဲကြုံနေပါတယ်။အသင်းအဖွဲ့သော်လည်းကောင်း၊ ပုဂ္ဂလိက အနေနဲ့သော်လည်းကောင်း ပြုပြင် ပေးကြစေလိုပါတယ်”ဟု ဘုရားဂေါပကအဖွဲ့အတွင်းရေးမှူး ဦးကျော်ယေက နိရဉ္စရာသို့ပြောသည်။
အဆိုပါဓမ္မာရုံကို သက္ကရာဇ် ၁၃ဝ၂ ခုနှစ်တွင် ပုဂ္ဂလိကအလှူရှင်တစ်ဦးက သစ်သားဖြင့်ဆောက်လုပ်ထားခဲ့ခြင်း ဖြစ်သည့်အတွက် ယခုအခါ ဓမ္မာရုံအောက်ခြေသစ်သားအခင်းများနှင့် ဘေးနံရံရှိသစ်သားများမှာ ကြည့်မကောင်းအောင် ပေါက်ပြဲယိုယွင်းပျက်စီးနေသည်ဟု သိရသည်။
“မိုးထားတဲ့သွပ်ကကောင်းနေသေးပေမယ့် သစ်သားတွေက ဆွေးမြေ့ပေါက်ပြဲနေပြီ။ ဒီဘုရားကြီးကို အနီးအ နားက ရွာပေါင်း ၂၆ ရွာကကိုးကွယ်နေကြတာမှန်ပေမယ့် သူတို့တွေလည်း စီးပွားရေးကျပ်တည်းလို့ မပြုပြင်နိုင်ကြဘူး။ ဒါကြောင့် အလှူရှင်တွေအနေနဲ့ ပံ့ပိုးကူညီပေးသင့်တယ်”ဟု မြောက်ဦးမြို့နယ်၊ တင်းထိန်ကန်ကျေးရွာမှ ကျောင်းထိုင် ဆရာတော် ဦးဣဝံသက မိန့်သည်။
image-98a18f5173be47a71f7f037114c831dc6c5a99226f74f54ff1dc842ebf2b0de8-V
ဓမ္မာရုံပြုပြင်ရန် စိတ်ဝင်စားသည့်အလှူရှင်များအနေဖြင့်သျှင်ကျော်ဘုရားဂေါပကအဖွဲ့အတွင်းရေးမှူး ဦးကျော်ယေ(ဖုန်း-ဝ၉၂၅ဝ၇၆၅၂၂၄)နှင့် တင်းထိန်ကန်ဆရာတော်ဦး(ဖုန်း -ဝ၉၂၅ဝ၇၆၅၂၂၈)တို့ကို ဆက်သွယ်စုံစမ်းနိုင်သည်။အဆိုပါသျှင်ကျော်မုနိဘုရားကြီးမှာ သက္ကရာဇ် ၁၂၃ ခုနှစ်တွင် ဘုရားရှင် ရခိုင်ပြည်သို့ရောက်ရှိခဲ့စဉ် ရခိုင်ဘုရင် စန္ဒသူရိယ၏လျှောက်ထားမှုကြောင့် မဟာမြတ်မုနိဘုရားကိုသွန်းလုပ်ရာ ဘုရားရှင်ထက်ကိုယ်လုံးကိုယ်ထည်ကြီးမားခဲ့ သည့်အတွက် သျှင်ကျော်မုနိဘုရားကြီးဟု ယနေ့ထက်တိုင်အမည်တွင်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းများက ဆိုသည်။အဆိုပါဘုရားကြီးနှင့် ဓမ္မာရုံမှာ မြောက်ဦးမြို့နယ်၊ ဝက်လှကျေးရွာအနီးတွင်တည်ရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: