Wednesday, January 21, 2015

အမ်းတွင် ကုန်တင်ကားတစ်စီးတိမ်းမှောက်၍ တစ်ဦးသေ

Car-accident
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဇန်နဝါရီလ ၉ ရက်နေ့ ညနေက ကုန်တင်ကားတစ်စီး တိမ်းမှောက်မှုကြောင့် လူ တစ်ဦးသေဆုံးပြီ ရဟန်းတော် တစ်ပါးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း အမ်းမြို့မရဲစခန်းမှ သိရသည်။
ယခုသေဆုံးသွားသူမှာ “ရိုးမမန္တလာ”အမည်ရှိ ကုန်တင်ကားကိုမောင်းနှင်လာသည့် ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ်မှ အသက် ၃၇ အရွယ် ဦးကျော်စိုးဖြစ်သည်။
သူသည် အမျိုးသမီး ၁ ဦး၊ ဘုန်းကြီးတစ်ပါးနှင့် စပယ်ယာ ၂ ဦးတို့ကိုတင်ဆောင်၍ မန္တလေးမှ စစ်တွေသို့ပြန် လာခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ပြန်လာရာ ဇန်နဝါရီလ ၉ ရက်၊ ညနေ ၇ နာရီခန့်က အမ်းမြို့နယ်၊ တောင်စောက် ကျေးရွာ အနီးရှိ မိုင်တိုင်အမှတ် ၇၅/၆ နှင့် ၇၅/၇ တို့အကြားတွင် အဆိုပါကားမှာ ဘရိတ်ပေါက် တိမ်းမှောက် သွားသည့်အတွက် သူ ယခုကဲ့သို့ သေဆုံးသွားရခြင်းဖြစ်ကြောင်း ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ဒရိုင်ဘာက သေတယ်။ စပယ်ယာတွေတော့ ဘာမှ မဖြစ်ဘူး။ ကားပေါ်ပါလာတဲ့ အမျိုးသမီးနဲ့ ဘုန်းကြီး တစ်ပါးကတော့ ထိခိုက်ဒဏ်ရာတွေရကြတယ်” ဟု အမ်းမြို့မ ရဲစခန်းမှ ရဲအုပ်အောင်သိန်းထွန်းက ဆိုသည်။
ကားပေါ်တွင်လိုက်ပါလာသည့်အမျိုးသမီးမှာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ အသက် ၂၇ နှစ်အရွယ် ဒေါ်ခင်မာသန်း ဖြစ်ပြီး ယခုဖြစ်စဉ်ကြောင့် သူမ၏ ဝဲဘက်ပါးတွင် ပွန်းပဲ့ဒဏ်ရာ ၁ ချက်ရရှိခဲ့ကြောင်း ရဲက ဆိုသည်။
အလားတူ ကားပေါ်ပါ သံဃာတော်မှာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ အသက် ၄ဝ ကျော်အရွယ် ဦးသုမလဖြစ်ပြီး ယခုဖြစ်စဉ်ကြောင့် ဆရာတော်၏ဦးခေါင်းတွင် ၃ လက်မခန့် ပေါက်ပြဲဒဏ်ရာ ၁ ချက်ရရှိခဲ့ကြောင်း သိရ သည်။
ဒဏ်ရာရရှိသူများမှာ အမ်းမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် မစိုးရိမ်ရသော လူနာများအဖြစ် ဆေးဝါးကုသမှုခံယူနေ ပြီး ယခုဖြစ်စဉ်ကျူးလွန်သူကို ပြစ်မှုပုဒ်မ ၃ဝ၄(က)/၃၃၇/၃၃၈ ဖြင့် အမ်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အမ်းတောင်ကြားလမ်းတွင် ယခုကဲ့သို့ ကားများ မကြာခဏတိမ်းမှောက်နေရခြင်းမှာ လမ်းအကွေ့အကောက် များသည့် အပြင် ယာဉ်မောင်းများအနေဖြင့်လည်း ယင်းတို့၏ ယာဉ်များကြံ့ခိုင်မှုရှိ/မရှိကို စစ်ဆေးမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ဟု ရဲက ရဲအုပ်အောင်သိန်းထွန်းက မှတ်ချက်ပြုသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ဖေါင်ကြီးသင်တန်းကျောင်းသို့ ဆရာ ဆရာမ ၃၅ ဦးကို တင်ဆောင် မောင်းနှင်လာသော တိုးရတနာ ဘတ်စ်ကားသည် အမ်းမြို့နယ်တွင် တိမ်းမှောက်သွားသဖြင့် ဆရာ ၄ ဦးနှင့် ဆရာမ ၂ ဦးတို့ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး အမ်းမြို့နယ် ဆေးရုံသို့ အတွင်းလူနာ အဖြစ် တင်ပို့ခဲ့ရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: