Tuesday, January 6, 2015

ရခိုင်မှ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရကျောင်းသားများအား ကျပ်သိန်း ၃ဝ အထိ ဆုချီးမြှင့်မည်

ရခိုင်ပြည်နယ် အလွတ်သင်ကျောင်း တစ်ခုမှ ဆုပေးပွဲ အခမ်းအနား တစ်ခု (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် အလွတ်သင်ကျောင်း တစ်ခုမှ ဆုပေးပွဲ အခမ်းအနား တစ်ခု (ဓါတ်ပုံ- နိရဉ္စရာ)
ယခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်နယ်အတွင်းမှ အောင်မြင် သူများနှင့် ဂုဏ်ထူးရသူများအား ထိုက်တန်သော ဆုများ ပေးအပ်ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးမှ သိရသည်။
၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲတွင် အောင်မြင်သည့် ကျောင်းသား တစ်ဦးလျှင် ကျပ် ၁ သောင်း ချီးမြှင့်ပေးမည်ဖြစ်ပြီး ၆ ဘာသာဂုဏ်ထူးရရှိလျှင် တစ်ဦးလျှင် ကျပ် ၁ဝ သိန်းမှ သိန်း ၃ဝ အထိ ချီးမြှင့်ပေးမည်ဟု ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက နိရဉ္စရာသို့ ဇန်နဝါရီ ၃ ရက်နေ့တွင် အတည်ပြု ပြောကြားသည်။
“အောင်တဲ့သူမှန်သမျှကို တစ်သောင်းစီချီးမြှင့်မယ်။ ဂုဏ်ထူးရအောင်သင်ပေးနိုင်တဲ့ဆရာတွေကိုလည်း ဆုချီးမြှင့်ပေးမယ်။ ဘယ်လောက်ချီးမြှင့်ပေးမယ်ဆိုတာတော့ အတိအကျမသိသေးရဘူး။ ၆ ဘာသာဂုဏ်ထူး ထွက်တဲ့ သူတွေကို ဝန်ကြီးချုပ်က သီးသန့် ၁ဝ သိန်းကနေ သိန်း ၃ဝ အထိ အဲဒီကြားထဲမှာ ချီးမြှင့်မယ်လို့ ကျွန် တော်တို့ကို ပြည်နယ်အစိုးရက မနေ့က ဆက်သွယ်အကြောင်းကြားလာတယ်”ဟု ယင်းက ပြောသည်။
ဘာသာရပ် တစ်ခုမှ ၅ ဘာသာ အထိ ဂုဏ်ထူးရရှိသူ အသီးသီးကိုလည်း ဆုချီးမြှင့်ပေးမည်ဖြစ်သော်လည်း ယင်းတို့အား ချီးမြှင့်မည့် ဆုငွေပမာဏအတိအကျကိုမူ မသိရသေးဟု ဆိုသည်။
ယခုကဲ့သို့ ဆုချီးမြှင့်ရန်စီစဉ်ရခြင်းမှာ တစ်နှစ်ထက်တစ်နှစ်ကျဆင်းလာနေသည့် ရခိုင်ပြည်နယ်၏ တက္ကသိုလ် ဝင်တန်း အောင်ချက်ရာနှုန်းကို ယခုထက်တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းသူ၊ ကျောင်းသားများအ နေဖြင့် ပိုမိုကြိုးစား လိုသည့် စိတ်ရှိလာရန်အတွက်ဖြစ်ကြောင်း သိရသည်။
“အခုလိုဆုချီးမြှင့်ပေးလိုက်ရုံနဲ့ အောင်ချက်ရာနှုန်းမြင့်တက်လာမှာမဟုတ်ပါဘူး။  ကျောင်းသား၊ ကျောင်းသူတွေ ဘက်ကလည်း ကြိုးစားပေးရမယ်။ နောက်ပြီး ဆရာ၊ ဆရာမတွေအနေနဲ့လည်း အားကြိုးမာန်တက် သင်ပြပေးရမယ်။ နောက်တစ်ခုက ကျောင်းသူ၊ ကျောင်းသားတွေလိုအပ်တဲ့ သင်ထောက်ကူ ပစ္စည်း တွေကို လည်း အစိုးရက လုံလုံလောက်လောက်ချပေးဖို့လိုတယ်”ဟု စစ်တွေမြို့ရှိ ပုဂ္ဂလိက ဆရာများအသင်း ဥက္ကဋ္ဌ ဆရာဦးမြင့်သောင်းက သုံးသပ်ပြောသည်။
ပြီးခဲ့သည့်နှစ် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်က ရခိုင်ပြည်နယ်၏တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်ရာနှုန်းမှာ ၁၈ ဒသမ ၂၂ ရာခိုင်နှုန်းသာရှိခဲ့ပြီး တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် ဒုတိယ အနိမ့်ဆုံးအဆင့်သို့ ကျဆင်း သွားခဲ့သည်။ ရခိုင်ပြည်နယ်၏ အောက်တွင် ချင်းပြည်နယ်သာ ရှိသည်။
ယခင်က ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်က ရခိုင်ပြည်နယ်၏အောင်ချက်ရာနှုန်းမှာ ၂၁ ဒသမ ၁၇ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် ၂၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံး မှ ထုတ်ပြန် ထားသည့် စာရင်းများအရ သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: