Tuesday, January 6, 2015

အပြန်အလှန်တိုက်ခိုက်မှုများကြောင့် လူ ၄ ဦးသေဆုံးပြီးနောက် ဘင်္ဂလာဒေ့ရှ်တစ်နိုင်ငံလုံး သွားလာရေး ပြတ်တောက်


BNP_Police_Fight
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် လက်ရှိ အစိုးရ ထောက်ခံသူများနှင့် အတိုက်အခံပါတီ BNP အကြား အပြန်အလှန် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ရသည်။
ယင်းသေဆုံးမှု ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံအ၀န်းတွင် သွားလာရေးများ ပြတ်တောက်သွားခဲ့သည်။
၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့သည် လွန်ခဲ့သော နှစ်က ဘင်္ဂလာဒေ့ရှ်တွင် ကျင်းပ ပြုလုပ်ခဲ့သော အထွေထွေ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ ဖြစ်သည်။ ယင်းရွေးကောက်ပွဲကို အတိုက်အခံ BNP ( Bangladesh Nationalist Party) က ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားမှုကြောင့် သပိတ်မှောက်ကာ ရွေးကောက်ပွဲကို ပါဝင်ခဲ့ခြင်း မရှိခဲ့ချေ။ သို့အတွက် လက်ရှိ အ၀ါမီလိဂ် အစိုးရသည် ပြိုင်ဘက်မရှိဘဲ အနိုင်ရရှိကာ အစိုးရ ဖွဲ့စည်းခဲ့သည်။
သို့အတွင် အတိုက်အခံ BNP ပါတီက ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ ဇန်န၀ါရီလ ၅ ရက်နေ့ကို ဒီမိုကရေစီ သတ်ဖြတ်ခံရသောနေ့ ခေါင်းစဉ်ဖြင့် အခမ်းအနား ကျင်းပခဲ့သလို လက်ရှိ အစိုးရမှလည်း နိုင်ငံတော် ဖွဲ့စည်းပုံနှင့် ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်သောနေ့ ခေါင်းစဉ်ဖြင့် အခမ်းအနားများကို ကျင်းပခဲ့ကြသည်။
ယမန်နေ့က ထောင်ပေါင်းများစွာသော အတိုက်အခံ ပါတီ ထောက်ခံသူများ ဆန္ဒပြပွဲတွင် ပူးပေါင်းရန် ချီတက်လာရာ ရဲတပ်ဖွဲ့က ကားလမ်းများ၊ သင်္ဘောလမ်းကြောင်းများကို ပိတ်ဆို့ထားခဲ့သည်။ ယင်းပြင် အတိုက်အခံ ပါတီ ခေါင်းဆောင် ခါလစ်ဒါဇီယာအားလည်း သူမ၏ ရုံးမှ နေပြီး အပြင်သို့ ထွက်ခွင့်ကို ရဲက တားမြစ်ပိတ်ပင်ခဲ့သည်။
သို့အတွက် အတိုက်အခံ ပါတီက တစ်နိုင်ငံလုံး အသွားအလာများရပ်တန့်အောင် ပိတ်ဆို့ရေးကို ရက်အကန့်အသတ် မရှိအောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျေညာလိုက်သည်။
ယမန်နေ့က မြို့ကြီးအတော်များများတွင် လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များနှင့် အတိုက်အခံများကြားတွင် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့သလို အစိုးရထောက်ခံသူ အ၀ါမီလိဂ် ပါတီဝင်များနှင့် အတိုက်အခံ BNP ပါတီ ထောက်ခံသူများအကြားတွင် လည်း အပြန်အလှန် တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့သည်။
သေဆုံးသွားသူများမှာ နေတိုး (Nator) မှ ၂ ဦး၊ ရာချဟီ ( Rajshahi) မှ တစ်ဦးနှင့် Chapainawabganj မှ တစ်ဦးတို့ ဖြစ်ကြသည်။
ဘင်္ဂလာဒေ့ရှ်တွင် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကျောင်းများ၊ ဈေးများ၊ ကုန်တိုက်ကြီးများကို ပိတ်ထားရသည်မှာ ရက်သတ္တတပတ်ခန့်ရှိနေပြီ ဖြစ်ပြီး အသွားအလာများလည်း ရပ်တန့်နေခဲ့သည်မှာ ရက်အတော်များများကြာပြီ ဖြစ်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: