Thursday, January 1, 2015

သဘာဝသယံဇာတပေါများပြီး ပင်လယ်ဆိပ်ကမ်းများရှိပါလျှက် ဆင်းရဲနေရသော ရခိုင်ပြည်နယ်ကို သမ္မတက တိုးတက်စေလို

DSC01367
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့က ရခိုင်လူထုနှင့် တွေ့ဆုံစဉ် သဘာဝသယံဇာတ ပေါများပြီး ပင်လယ်ဆိပ်ကမ်းများရှိပါလျှက် ဆင်းရဲနေရသော ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်စေလိုသည်ဟု နိုင်ငံတော် သမ္မတက ပြောဆိုသွားခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတွင်  ဖွံ့ဖြိုးမှု အနည်းဆုံး ဒေသ ၃ ခုရှိရာ ချင်းပြည်နယ် ပထမ၊  ရခိုင်ပြည်နယ်က ဒုတိယနှင့် ကယားပြည်နယ်က တတိယဖြစ်ကြောင်း စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ဒီဇင်ဘာ ၂၆ ရက်နေ့က စစ်တွေ လူထုနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတမှ သူ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
“ ချင်းပြည်နယ်နှင့် ကယားပြည်နယ် ဆင်းရဲရခြင်းမှာ သဘ၀သယံဇာတ ထွက်ရှိမှု မရှိတာက အခြေခံ အကြောင်းအရင်း ဖြစ်တယ်။ သို့ပေမယ့် ရခိုင်ပြည်နယ်ကတော့ သဘာဝသယံဇာတ ပေါများလျှက်၊ ပင်လယ်ဆိပ်ကမ်းများရှိပါလျှက်နှင့် ဆင်းရဲနေရတယ်” ဟု သမ္မတက ပြောဆိုသည်။
ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးတို့မှာ အလွန်အရေးပါကြောင်း၊ သို့အတွက် နိုင်ငံတော်အနေဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိရန် ကြိုးစား ဆောင်ရွက်နေကြောင်း နိုင်ငံတော် သမ္မတမှ ယခုလို ပြောဆိုသည်။
“တိုင်းပြည် တစ်ခုတိုးတက်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေးဟာ အထူးအရေးပါ ပါတယ်။ တရုတ်စကားပုံ တစ်ခုရှိတယ်။ ဖွံ့ဖြိုးတိုးတက်စေချင်လျှင် လမ်းဖေါက်ပါတဲ့။ ရခိုင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီ၊ လျှပ်စစ်မီးလည်း ရရှိလာပြီဖြစ်တဲ့ အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေကို လုပ်ဆောင် လာနိုင်တော့မှာ ဖြစ်ပါတယ်” ဟု  ပြောသည်။
စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပြုလုပ်သော တွေ့ဆုံ ဆွေးနွေးပွဲသို့  ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ အမျိုးသမီး ကိုယ်စားလှယ် များနှင့်  စစ်တွေမြို့မှ ဂုဏ်သရေရှိ လူကြီးများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲ အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကလည်း မိန်းခွန်းပြောကြားခဲ့ရာ  ရခိုင်ပြည်နယ် ဖွံ့ဖြိုးတက်မှ တည်ငြိမ်မှုရှိလာမည်ဟု ပြောဆိုသည်။
“ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်လုံခြုံမှုများဟာ အပြည့်အ၀နီးပါး ရရှိနေပါပြီ။ တည်ငြိမ်မှ ဖွံ့ဖြိုး တိုးတက်မှုရှိမယ် ဆိုပေမယ့် ရခိုင်ပြည်နယ် အတွက်ကတော့ ဖွံ့ဖြိုးတက်မှ တည်ငြိမ်မှုရှိလာမှာပါ”ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။
သူကဆက်လက်၍ ၄င်းလက်ထက်တွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သော လုပ်ငန်းကြီးများမှာ ပုဏ္ဏားကျွန်းစက်မှုစီမံကိန်း၊ ရသေ့တောင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးစီမံကိန်း၊ မြောက်ဦး ဟိုတယ်စီမံကိန်းနဲ့ ဒေသခံလူမျိုးတွေရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေးလုပ်များကို ဆောင်ရွက်နေကြောင်း ထပ်လောင်းပြောကြားသည်။
ရခိုင်တစ်ပြည်နယ်လုံး မီးလင်းရေးနှင့် ပတ်သက်ပြီး ပြောကြားရာတွင်လည်း ဒီဇင်ဘာလ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်နေ့က စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များသို့ မဟာဓါတ်အားလှိုင်းမှ လျှပ်စစ်မီးဖြန့်ဖြူးနိုင်ခဲ့ပြီး၊ မြောက်ဦးမြို့သို့ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး လျှင်စစ်မီး ထုတ်လွှတ်မည်ဟု ပြောသည်။
လက်ရှိ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ဓါတ်အားသုံးစွဲမှုပမာဏမှာ ၃၃၀၀၀ မီဂါဝတ် ရှိပြီး မြန်မာနိုင်ငံမှာမူ ၂၅၀၀ မီဂါဝတ်သာရှိသေးကြောင်း၊ မြန်မာတစ်နိုင်ငံလုံး မီးလင်းရေးအတွက် နောက်ထပ် ၁၂ ခန့် ကြာဦးမည်ဟု သိရသည်။
သို့သော် သံလွင်မြစ်တွင် ရေကာတာတည်ဆောက်ပြီး လျှပ်စစ်ထုတ်လုပ်မည်ဆိုလျှင် မီဂါဝတ် ၄၀၀၀၀ မှ ၆၀၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်ရှိ မင်းပြား၊ ပေါက်တောမြို့နှင့် မြေပုံမြို့နယ်တို့သည်လည်း  ၂၀၁၅ တွင် လျှပ်စစ်မီး ရရှိတော့မည်ဟု ပြည်ထောင်စု လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။
DSC01362
ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန်အတွက် ယမန်နှစ်က ၇၈ ဘီလီယံကျပ် အသုံးပြုခဲ့ပြီး ယခုနှစ်တွင် ၇၂ ဘီလီယံ အသုံးပြုလျှက်ရှိကာ မင်းပြားမြေပုံကို ဆက်သွယ်နိုင်ရန် ကျောက်ခင်းလမ်းအဆင့်ကို ဖေါက်လုပ်ပြီးစီးလျှက်ရှိပြီး၊ ပုဏ္ဏားကျွန်း-ပေါက်တောလမ်းကိုလည်း ဖေါက်လုပ်သွားမည်ဟု သိရသည်။
တွေ့ဆုံပွဲကို မွန်းလွဲတစ်နာရီခွဲခန့်တွင် စတင်ခဲ့ပြီး၊ ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့သည်။
သမ္မတကြီးဦးသိန်းစိန်သည် ယခုတွေ့ဆုံပွဲအား ကျောက်တော်မြို့နယ်ရှိ  မဟာမုနိဘုရားကို သွားရောက် ဖူးမျှော်ခဲ့ပြီး အပြန်တွင် ပြုလုပ်ခဲ့သည်။ သမ္မတကြီး၏ ယခု ရခိုင်ခရီးစဉ်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးထက် ဘုရားဖူးခရီးစဉ်သာ ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ဝေဖန် ပြောဆိုသည်။
“ သမ္မတကြီးက နှစ်ကုန်ခါနီး မဟာမုနိဘုရားကို လာရောက်ဖူးမျှော် ခြင်းသာဖြစ်ပါတယ်။  ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု အစိုးရနဲ့  ပြည်နယ်အစိုးရတို့ရဲ့ ဆောင်ရွက်နေမှုအပေါ် အားရ ကျေနပ်မှု မရှိသေးပါဘူး” ဟု သူက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: