Tuesday, January 6, 2015

တိုင်းရင်းသား မဟာမိတ် ပါတီများနှင့် ဆက်ဆံရေး ရခိုင်အမျိုးသားပါတီ ယာယီိဆိုင်းငံ့


Arakan-national-Partyရခိုင်အမျိုးသား ပါတီ (ANP) အနေဖြင့် တိုင်းရင်းသား မဟာမိတ်ပါတီများနှင့် ဆက်ဆံရေးကို ယာယီ ဆိုင်းငံ့လိုက်သည်ဟု သတင်း ရရှိသည်။
ဇန်န၀ါရီလ ၂ ရက်နှင့် ၃ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် Nationalities Brotherhood Federation (NBF) နှင့် သော်လည်းကောင်း၊ United Nationalities Alliance ( UNA) သော်လည်းကောင်း ဆက်ဆံရေးများကို ယာယီရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သည်ဟု ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ပါတီ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောသည်။
“ ကျွန်တော်တို့ NBF နဲ့ရော၊ UNA ပါ ဆက်ဆံရေးကို ယာယီရပ်ဆိုင်းထားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာ မဟာမိတ် အဖွဲ့တွေနဲ့ ဆက်ဆံရေး ကိစ္စ ဆုံးဖြတ်ဖို့ ရှိပေမယ့်လည်း မဟာမိတ်ဆက်ဆံရေးကို တာဝန်ယူထားတဲ့ အတွင်းရေးမှူး ဦးသာထွန်းလှနဲ့ ဆရာ ဦးလှစောတို့ မတက်ရောက်တဲ့ အတွက် ဆုံးဖြတ်ချက် ချလို့ မရဘူး။ ဒါကြောင့် ဆက်ဆံရေးတွေကို ယာယီ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ချမှတ်လိုက်တာ ဖြစ်ပါတယ်” ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။
နောက်လာမည့် မတ်လ နောက်ဆုံးအပတ်တွင် ပါတီ ဗဟိုကော်မီတီ အစည်းအဝေးအား ခေါ်ယူထားပြီး ယင်းအစည်းအဝေးတွင် တိုင်းရင်းသား မဟာမိတ်ပါတီများနှင့် ဆက်ဆံရေး ကိစ္စကို ဆွေးနွေး ဆုံးဖြတ်သွားမည်ဟု သူက ဆိုသည်။
ရခိုင်အမျိုးသားပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အတွင်း အနိုင်ရရှိခဲ့သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ( ALD) နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အတွင်း အနိုင်ရရှိခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ( RNDP)  အား ပေါင်းစည်းထားသော ပါတီ တစ်ခု ဖြစ်သည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် မပေါင်းစည်းမီ အချိန်ထိ UNA ၏ အဖွဲ့ဝင် ဖြစ်ခဲ့ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် NBF နှင့် ဆက်ဆံမှု ထူထောင်ခဲ့ကြောင်း သိရသည်။
ALD နှင့် RNDP တို့ ပေါင်းစည်းပြီး တစ်ပါတီ ဖြစ်လာပြီးနောက် မဟာမိတ်ပါတီများနှင့် ဆက်ဆံရေးအပေါ် သဘောထား ကွဲလွဲမှု အချို့ရှိနေသည်ဟု သိရသည်။ သို့အတွက် ယခုကဲ့သို့ ဆက်ဆံရေးကို ဆိုင်းငံ့ရန် အခြေအနေထိ ရောက်ရှိလာခဲ့ကြောင်း ပါတီနှင့် နီးစပ်သူများက ပြောသည်။
တိုင်းရင်းသား မဟာမိတ်ပါတီများနှင့် ဆက်ဆံရေးထက် ပါတီတွင်း စည်းလုံးညီညွတ်မှုမှာ ပိုအရေးကြီးသဖြင့် ယခုလို ဆက်ဆံရေးကို ဆိုင်းငံ့ထားရခြင်း ဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။
ယခု ပြုလုပ်သော ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးသို့ တက်ရောက်ရမည့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်မှာ ၃၉ ဦးရှိပြီး ထိုအထဲမှ ၂၂ ဦးသာ တက်ရောက်ခဲ့ကြောင်း သိရသည်။
မတက်ရောက်ခဲ့ကြသည့် ထိပ်တန်း ခေါင်းဆောင်များထဲတွင် ဦးအေးသာအောင်၊ ဦးဦလှစော၊ ဦးသာထွန်းလှ၊ ဦးလှမြင့်၊ ဦးမျိုးကျော်တို့ ပါဝင်သည်ဟု သိရသည်။ ၎င်းသက်ဆိုင်ရာ မတက်ရောက်သူများ အသီးသီးထံသို့ နိရဉ္စရာမှ ဖုံးအကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းများပိတ်ထားသည်ဟု ဆိုကာ အကြောင်းပြန်သဖြင့် ဆက်သွယ်ရရှိခဲ့ခြင်း မရှိပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: