Thursday, January 1, 2015

မဏိရတနာဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက် မွေးနေ့ပွဲကျင်းပ

DSC01392
သာသနာ့ဓဇ သီရိပ၀ရဓမ္မာစရိယ၊ အဂ္ဂမဟာ ဂန္ထ၀ါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောမ မဟာထေရ်မြတ်၏ သက်တော် (၇၅)နှစ်ပြည့် စိန်ရတုဝိဇာတ ဂုဏပူဇာမင်္ဂလာ မွေးနေ့ပွဲနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှဒါန်းသော ကျောင်းဆောင်သစ်၊ ကွန်ဂရစ် လမ်းခင်းခြင်း တို့၏ ရေစက်ချ အလှူမင်္ဂလာပွဲ အခမ်းအနားတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ မဏိရတနာ ကျောင်းတိုက်တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ကပြုလုပ်ခဲ့သည်။
ဆရာတော်ကို ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ဖွားမြင်တော်မူခဲ့ပြီး ၂၀၁၄ ခု နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် သက်တော် ၇၅ နှစ်ပြည့်သောကြောင့် နိုင်ငံတော်သံဃနာယက အဖွဲ့ဝင်ဆရာတော်တစ်ပါး ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အစိုးရက ကျောင်းဆောင်သစ်နှင့် ကျောင်းအ၀င်လမ်း ကွန်ဂရစ် လှူဒါန်း ရေစက်ချခြင်းနှင့် အတူ ဆရာတော်၏ စိန်ရတု မွေးနေ့အခမ်းအနားကိုလည်း ပြုလုပ်ခဲ့သည်။
ဆရာတော်ဘုရားကြီး၏ အမြဲတမ်း သြ၀ါဒတစ်ခုမှာ “ဘ၀ဆိုတာ ဖြစ်သလိုနေလို့ရတယ်။ ဒါပေမယ့် ဖြစ်သလိုသေဖို့ အဆင်သင့်ပြင်ထားပြီးပြီလား။ လေးလေးနက်နက်ဖန်တီးတာတောင် နည်းလမ်းမကျရင် ကိုယ့်ဘ၀ပီပြင်ဖို့ မလွယ်တာကို ဖြစ်သလိုနေလိုက်ရင်တော့ မှုန်ဝါးဝါးနဲ့ ဖြစ်သလို သေရပါ့မယ်”ဟူ ၍ဖြစ်သည်။
“ဖြစ်သလိုမနေနဲ့ဆိုတာ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ အပ္ပမာဓတရားဘဲ၊ သွားသတိ၊ လာသတိ၊ စားသတိ၊ အိပ်သတိ။ ဘာပဲလုပ်လုပ် သတိရှိဖို့ လိုအပ်တယ်။ သတိမရှိရင် ဂူကိုတောင်မမြင်ဘူးတဲ့။ မမြင်မှတော့ အကျိုးနဲ့အပြစ်မှာ အပြစ်ဖြစ်ဖို့ ပိုများတယ်။ အပြစ်မဖြစ်စေချင်ရင် သတိရှိရှိနဲ့ သတိနဲ့နေကြပါ” ဟု ဆုံးမ ဟောကြားခဲ့ဖူးကြောင်း သိရသည်။
ဆရာတော်သည် မြို့နယ်၊ ပြည်နယ်၊ နိုင်ငံတော် မဟာသံဃနာယက သာသနာ့တာဝန်ကို ထမ်းဆောင် လာခဲ့ပြီး၊ ယခုလက်ရှိတွင်လည်း နိုင်ငံတော် မဟာသံဃနာယကတာဝန်ကို ထမ်းဆောင် နေဆဲဖြစ်ကြောင်း သိရသည်။
ဆရာတော်ကြီးအား ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက သူ၏ ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်လာရာ သက်တမ်း၌ ပညာရေးနှင့် ပတ်သက်သော ဆောင်ရွက်ခဲ့ချက်များကို လျှောက်ထားခဲ့သည်။
“ရခိုင်ပြည်နယ် ပညာရေးတိုးတက်ရေးအတွက် အထက ၄၊ အထက ၅၊ အထက ၂ တို့ကို မွန်းမံခဲ့ပါတယ်။ ၄ နဲ့  အမှတ် ၅ တို့ကို မွန်းမံပြီးစီးအသုံးချနိုင်ခဲ့ပြီး အမှတ် ၂ အထက ကျောင်းကိုလည်း ဇန္န၀ါရီလ ၄ ရက်နေ့မှာ စတင်ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ်က လျှောက်ထားခဲ့သည်။
ဝန်ကြီးချုပ်က ဆက်လက်၍ ရခိုင်တစ်ပြည်နယ်လုံး ဆယ်တန်းအောင်ချက် ကောင်းစေရန်အတွက် ရခိုင်အမျိုးသားကျောင်း၊ ခိုင်ကျော်အမျိုးသားကျောင်းက ထုတ်ဝေသည့် အထူးထုတ်စာအုပ် ၆၀၀၀၀ ကို ၀ယ်ယူခဲ့ပြီး ဆယ်တန်းကျောင်းသားတစ်ယောက်ကို ၆ အုပ်ကျစီ ဖြန့်ဝေခဲ့သည်ဟု လျှောက်ထား ခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသော ကျောင်းဆောင်သစ်ဆောက်လုပ်ရေးအတွက် သိန်း ၃၉၀ နှင့်  ကျောင်းရှေ့အ၀င် ကွန်ဂရစ်လမ်းအတွက် သိန်း ၂၆၈ သိန်း ကုန်ကျခဲ့သည်ဟု သိရသည်။
တေးသံရှင်မောင်ကိုကိုက ဂုဏ်ပြုရတုကို သီဆိုခဲ့ပြီး၊ တေးသံရှင် ခင်စုလှိုင်က ဆရာတော်အား ဂုဏ်ပြုသီချင်းဖြင့် ပူဇော်ခဲ့သည်။
ဆရာတော်ကို စစ်တွေခရိုင် ရသေ့တောင်မြို့နယ်နေ အဖ ဦးကျော်လှအောင်၊ အမိဒေါ်ဘရူမေ ထံမှ ရခိုင်သက္ကရာဇ် ၁၃၀၁ ခုနှစ် နတ်တော်လဆန်း ၁၂ ရက်နေ့တွင် ဖွားမြင်ခဲ့ပြီး အသက် ၉ နှစ်အရွယ်တွင် ရှင်သောမအမည်ဖြင့် ကိုရင်ဝတ်ခဲ့သည်။ အသက် ၂၀ တွင် ယတ္တရာကျောင်းတိုက်၌ ရဟန်းခံခဲ့သည်။
၁၃၂၀ ခုနှစ် စစ်တွေမြို့အမျိုးသားပရိယတ္တိစာမေးပွဲ ပထမကြီးတန်းတွင် တတိယဂုဏ်ထူးရရှိခဲ့သည်။ ၁၃၂၅ ခုနှစ်တွင် ဓမ္မစရိယ သုံးကျမ်းကိုအောင်မြင်ခဲ့ပြီး သာသနာ့ဓဇဓမ္မစရိယဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂၈ ခုနှစ် ဓမ္မစရိယ ဂုဏ်ထူးတန်းတွင် ပေါက်မဟာဝိဇ္ဇာပြုကျမ်းဖြင့် တစ်နိုင်ငံလုံး ပထမဆုရရှိခဲ့ပြီး သာသနာ့ဓဇ ဓမ္မသီရိပ၀ရဓမ္မာစရိယ ဘွဲ့ကို ရရှိခဲ့သည်။
ဆရာတော်ဘုရားကြီးအား စာချဆိုင်ရာအမြင့်ဆုံးဘွဲ့ဖြစ်သည့် အဂ္ဂမဟာ ဂန္ထ၀ါစကပဏ္ဍိတဘွဲ့နှင့် အမျိုးဘာသာ သာသနာအတွက် နည်းကောင်း လမ်းကောင်းများကို ညွှန်ပြနိုင်၍ ကြီးကျယ်မြင့်မြတ်သော
ကျိုးကြောင်းတင့်တည် ပညာတော် အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တို့ကို နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆရာတော်၏ စိန်ရတု ၀ိဇာတ ဂုဏမင်္ဂလာအခမ်းအနားသို့ စစ်တွေမြို့ပေါ်မှ ကျောင်းထိုင်ဆရာတော်များ ကြွရောက်ပြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးတစ်ချို့အပါအ၀င် ပရိသတ် ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်။
ဆရာတော်၏ အသက် ၇၅ နှစ်မြောက်မွေးနေ့အတွက် ကျပ် ၇၅၀၀၀ ပါ ပဒေသာပင် ကံစမ်းမဲကို စိတ္တသုခကျောင်း ဆရာတော်က မဲပေါက်ခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: