Thursday, January 1, 2015

မြောက်ဦးတွင် စစ်တပ် ၀င်ရောက် လုံခြုံရေးယူမှု ဒေသခံများ အကြား စိုးရိမ်မှုတိုးပွား

 ဆီးမီးထွန်းပြီး အောက်မေ့အမှတ်တရ ပြုလုပ်မည့်နန်းရာကုန်းတွင်လည်း စစ်တပ်က နေရာယူထားသည်။
ဆီမီးထွန်းပြီး အောက်မေ့အမှတ်တရ ပြုလုပ်မည့်နန်းရာကုန်းတွင်လည်း စစ်တပ်က နေရာယူထားသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် စစ်တပ်မှ ၀င်ရောက် လုံခြုံရေး ယူမူကြောင့် ဒေသခံများ အကြား စိုးရိမ်မှု တိုးပွားနေကြောင်း သတင်း ရရှိသည်။
“ ဘာအတွက်နဲ့ ခုလို စစ်တပ်က လုံခြုံရေးယူသလဲဆိုတာတော့ မပြောတတ်ဘူး။ မြောက်ဦးမှာက ဒီကနေ့ ၂၃၀ မြောက် ရခိုင်ဘုရင်နိုင်ငံတော် ကျဆုံးနေ့ အခမ်းအနား လုပ်ဖို့ရှိတယ်။ ဒါပြင် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်လည်း မြောက်ဦးကို ရောက်ဖို့ ရှိတယ်လို့ သတင်းကြားရပါတယ်” ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးအေးမောင်သန်းက ပြောကြားသည်။
ယခင် သမ္မတ ဦးသိန်းစိန် မြောက်ဦးကို ရောက်တုန်းကတောင် စစ်တပ်ကို လုံခြုံရေး ချထားခြင်း မရှိခဲ့သဖြင့် ယခု စစ်တပ်က မြို့တွင်းဝင်ရောက်ပြီး လုံခြုံရေးယူခြင်းမှာ လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်အတွက် မဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ် ပြောဆိုသည်။
စစ်တပ်မှ ၀င်ရောက် လုံခြုံရေးယူထားသော နေရာများမှာ နန်းရာကုန်း၊ လက်ကောက်ဈေး၊ တောင်ရပ် ခွဆုံ( လမ်းဆုံ)၊ ကံလှ ခွဆုံ (လမ်းဆုံ)၊ လမ်းယာဉ်ကွင်း အနီးရှိ ဗိုလ်တဲ၊ ညောင်ပင်ဈေးနှင့် လမ်းတလျှောက်တွင် ဖြစ်ကြောင်း သိရသည်။
“ လုံခြုံရေး ယူထားသော တပ်ရင်းမှာ ခလရ ၅၄၀ ကဖြစ်ပါတယ်။ နန်းရာကုန်းထက်မှာဆိုရင် စစ်သား ၆ ဦးရှိပါတယ်။ လမ်းတလျှောက်မှာ ချထားတာကို တွေ့ရပါတယ်” ဟု ဆန်ချဆိပ်ရပ်ကွက်မှ ကိုအောင်ကျော်မိုးက ပြောသည်။
ယခုကဲ့သို့ စစ်တပ်က မြို့တွင်းဝင်ရောက်ပြီး လုံခြုံရေးယူခြင်းကြောင့် ဒေသခံ ပြည်သူများ အကြား စိုးရိမ်နေကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက ပြောကြားသည်။
“ အခု ဒီမှာက နှစ် ၂၃၀ ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးနေ့ အခမ်းအနားလုပ်ဖို့ စီစဉ်နေချိန်မှာ စစ်တပ်က ၀င်ရောက်ပြီး လုံခြုံရေးယူတော့ အနည်းနဲ့ အများဆိုသလို လူတွေက စိုးရိမ်နေကြပါတယ်” ဟု ရခိုင်အမျိုးသမီး ကွန်းရက်က အမည်မဖေါ်လိုသူ အမျိုးသမီး တစ်ဦးက ဆိုသည်။
သို့သော်လည်း ယနေ့နံနက် ၂၃၀ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးနေ့ အခမ်းအနားကို မြောက်ဦးတွင် ဖွင့်လှစ်ခဲ့ပြီး ညနေပိုင်းတွင် နန်းရာကုန်းပေါ်တွင် ဆီးမီးထွန်းပြီး အခမ်းအနားကျင်းပရန်နှင့် စာပေဟောပြောပွဲများကို ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: