Thursday, January 1, 2015

ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးသည့် နှစ် ၂၃ဝ ပြည့်နေ့ အောက်မေ့ဖွယ် အခမ်းအနားကို မြောက်ဦးနှင့် မြို့အများအပြားတွင် ကျင်းပ ပြုလုပ်

230-year-lost-of-arakan
ဒီဇင်ဘာလ၃၁ရက်တွင်ကျရောက်သောရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးသည့် နှစ်၂၃ဝ ပြည့်နေ့အောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့နှင့် အခြားမြို့အချို့တွင် ပြုလုပ်ခဲ့ကြသည်။
ယင်းအောက်မေ့ဖွယ်အခမ်းအနားကိုရခိုင်ပြည်သူတို့၏ဘုရင့်မြို့ဟောင်းနယ်မြေဖြစ်သော မြောက်ဦးမြို့ အပါအဝင် စစ်တွေ၊ ပေါက်တော၊ သံတွဲ၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့တို့တွင် ယနေ့ တပြိုင်တည်း ကျင်းပ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
မြောက်ဦးမြို့တွင်ပြုလုပ်သည့်အဆိုပါအခမ်းအနားတွင် ယင်းနေ့နံနက်ပိုင်းက မြို့တွင်းရှိ နန်းရာကုန်းပေါ်တွင် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်၍ ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ယင်းနေ့ညနေ ၆ နာရီမှစတင် ကာ နန်းရာကုန်းပေါ်တွင် ဆီမီးများပူဇော်ခဲ့ကြကြောင်း သိရသည်။
“အခုခေတ် ရခိုင်မျိုးဆက်သစ်လူငယ်လေးတွေဟာ ရခိုင်သမိုင်းတွေနဲ့ပတ်သက်ပြီး အသိတရားတွေ နည်းလာ တယ်။ ဒါ့ကြောင့် အခုလို အခမ်းအနားကိုလုပ်ရတာဖြစ်တယ်။ ဥပမာ မီးထွန်းနေကြတာကိုမြင်တာနဲ့ သူတို့လေးတွေက လူကြီးတွေကိုမေးလိမ့်မယ်။ ဘာလုပ်နေကြတာလဲပေါ့လေ။ လူကြီးတွေကလည်း ဘာကြောင့် ဒီလိုမျိုးလုပ်နေတာဆိုတာ ကို သူတို့ရဲ့ကလေးတွေကို ရှင်းပြပေးကြလိမ့်မယ်။ ဒီအခါမှ သူတို့လေးတွေက အော် ငါတို့မှာ ဒီလို တိုင်းပြည်၊ ဒီလို နိုင်ငံတော်ရှိခဲ့ပါလားဆိုတဲ့ အသိလေးတွေရလာ လိမ့်မယ်၊ ရလာလိမ့်မယ်လို့လည်း ကျွန်တော်တို့ယုံကြည်ပါတယ်”ဟု မြောက်ဦးမြို့တွင် ယခုကဲ့သို့ ပွဲကျင်းပရသည့်ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ပွဲကျင်းပရေးကော်မတီမှ ပြန်ကြားရေးတာဝန် ခံ ကိုကျော်သိန်းထွန်းက ပြောပြသည်။
DSC01656_1600x1200 မြောက်ဦးမြို့ရှိ နန်းရာကုန်းတွင် ဆီမီးများပူဇော်သည့်အချိန်နှင့်တပြိုင်တည်း ရခိုင်စာရေးဆရာ အချို့ဖြင့် စာပေ ဟောပြောပွဲတစ်ခုကိုလည်း နန်းရာကုန်းအနီးတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အလားတူ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ သံတွဲနှင့် ကျောက်တော်မြို့နှင့် မြောက်ဦးမြို့နယ် အုတ်ဖေါ်ကန် ကျေးရွာ တို့တွင်လည်း အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို ဒီဇင်ဘာလ ၃၁ ရက်နေ့နံနက်ပိုင်းက သံဃာတော် အချို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပြီး နေ့လယ်ပိုင်းတွင် ရခိုင် ဘုရင့် နိုင်ငံတော် ကျဆုံခဲ့ခြင်း နှင့် ပတ်သက်ပြီး ဟောပြောခြင်းများ၊ ကဗျာရွတ်ခြင်းများ၊ ကျောင်းသားလူငယ်များအား စာစီ စာကုံးပြိုင်စေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ညနေပိုင်းတွင် ဘုရင့်နိုင်ငံတော်ကျဆုံးခဲ့သည့် အောက်မေ့ခြင်းအနေဖြင့် ဆီမီးများထွန်းညှိပူဇော်ခြင်းများကို မြို့အသီးသီးတွင်ပြုလုပ်ခဲ့ကြကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
ပုဏ္ဏားကျွန်းမြို့တွင်ပြုလုပ်ခဲ့သည့်အဆိုပါအခမ်းအနားကို မြို့လူထုက လောကမာရဇိန်ဘုရားကြီးဓမ္မာရုံတွင်ပြု လုပ်လိုသော်လည်း မြို့နယ်အာဏာပိုင်များက ခွင့်မပြုသည့်အတွက် မြို့ပေါ်ရှိ ဧစေတီနှင့် ရခိုင်အမျိုးသား ပါတီရုံးတို့၌ သာပြုလုပ်ခဲ့ရကြောင်း ပုဏ္ဏားကျွန်းမြို့ခံ ဦးစံရွှေကျော်က ပြောသည်။
“ဒီမှာလုပ်ရတဲ့ပွဲက တကယ့် ကျားကုပ်ကျားခဲလုပ်နေရတဲ့အနေအထားဖြစ်ပါတယ်။ ကျွန်တော်တို့ မလွတ်လပ် သေးဘူးဆိုတာ ဒီအချက်တွေက သက်သေပြနေတာပါပဲ”ဟု သူက ဆိုသည်။
ယခုအခမ်းအနားကို အဆိုပါမြို့များရှိ မြို့ခံများနှင့် လူမှုအဖွဲ့အစည်းများက စုပေါင်းကျင်းပခဲ့ကြခြင်းဖြစ်သည်။
ရခိုင်ပြည်သူ၊ ပြည်သားများသည် ယခင်က ကိုယ့်ထီးကိုယ့်နန်းဖြင့် နေထိုင်ခဲ့ကြရသော်လည်း သက္ကရာဇ် ၁၁၄၆ ခုနှစ်အရောက်တွင် ဘိုးတော်ဘုရားက ရခိုင်ပြည်ကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ရခိုင် မင်းနေပြည်တော်လည်း ကျဆုံးကာ ရခိုင်တို့၏ အချုပ်အခြာအာဏာလည်း ကျဆုံးခဲ့ရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: