ရခိုင်ကဗျာဆရာတို့ စုစည်းရေးဖွဲ့သော "ရိုးမရေရိပ်" ကဗျာစာအုပ်ကို မတ်လ (၁၆)ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ ခြောက်ထပ်ကြီး ဘုရားကျောင်းတိုက်တွင် စတင်ဖြန့်ချီလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ဖြန့်ချီရေး တာဝန်ခံ အောင်တံခွန် ၀ံသရက္ခိတ မဂ္ဂဇင်း အမှုဆောင် အယ်ဒီတာ ဦးမြတ်ဌေးက ဆိုသည်။
ရိုးမရေရိပ် ကဗျာစာအုပ်အား ခြောက်ထပ်ကြီး ဘုရားကျောင်းတိုက်တွင် စဖြန့်နေစဉ်ရိုးမရေရိပ် ကဗျာစာအုပ်အား ခြောက်ထပ်ကြီး ဘုရားကျောင်းတိုက်တွင် စဖြန့်နေစဉ်
" ရိုးမရေရိပ် စီစဉ်သူ ကိုယ်ရမ္မာက အဲဒီကျောင်းမှာ ရဟန်းဝတ်တာနဲ့ တိုက်ဆိုင်နေတော့ ကျောင်းကိုလာကြတဲ့ ရခိုင်စာဖတ်ပရိတ်သတ်တွေစုံတုန်း ကျနော်တို့စဖြန့်လိုက်တာပါ။ ထုတ်ဝေတာက ပထမအကြိမ်အုပ်ရေ (၁၀၀၀)မှာ ထက်ဝက်နီးပါး တထိုင်တည်းနဲ့ ကုန်သွားတယ်။ တချိန်တည်းမှာ ရခိုင်ကိုလည်း ကျနော်တို့ ဆက်ဖြန့်သွားမှာပါ။ စာဖတ်ပရိတ်သတ်ကတော ရခိုင်ကဗျာဆရာတွေရဲ့ လက်ရာတွေလည်းဖြစ်၊ မြို့နယ်စုံလည်းပါတော့ နှစ်သက် ကြပါတယ်။ " ဟု ဦးမြတ်ဌေးက ပြောသည်။
ပြည်တွင်း စာပေလောကမှာ ကဗျာစာအုပ်ထုတ်ဝေသူအများစုမှာ အရှုံးခံ၍ထုတ်ဝေနေရခြင်းများနေပြီး၊ ရခိုင်ပြည်နယ် တွင်လည်း ကဗျာကိုသီးသန့်အားပေးသည့် ကဗျာပရိတ်သတ် မရှိသေးဟု ၄င်းကဆိုသည်။
ရိုးမရေရိပ် ကဗျာစာအုပ်ထုတ်ဝေရာတွင် အခက်အခဲနှင့် ပတ်သက်၍ ဦးမြတ်ဌေးက " အဓိကကြုံတွေ့ခဲ့ရတာက ရခိုင်အရေးအခင်းမဖြစ်ခင်ကထဲက စာအုပ်ထုတ်မယ်လုပ်ထားတာ။ အရေးအခင်းလည်းဖြစ်တော့ အမျိုးသားရေး တပ်လှန့်သံ ကဗျာအဖြစ် ပြောင်းထုတ်ဖို့စီစဉ်ရတယ်။ အဲဒီမှာ ရခိုင်အမျိုးသားရေးနဲ့ အကျူံးမ၀င်တဲ့စာမူတွေကို ဖယ်ထားပြီးတော့ အမျိုးသားရေးကဗျာသီးသန့် ရွေးချယ်ခဲ့ရတယ်။ အားလုံးပြန်ပြင်ခဲ့ရတာပေါ့။ " ဟု ရှင်းပြသည်။
ရိုးမရေရိပ်ကဗျာ စာစုမှာ ရခိုင်ပြည်နယ် (၁၇) မြို့နယ်မှ ကဗျာဆရာ (၄၀) ဦးတို့ စုပေါင်းရေးဖွဲ့ထားကြပြီး ကဗျာပုဒ်ရေ (၅၂) ပုဒ်ပါဝင်ကြောင်း သိရသည်။
ကဗျာစာအုပ် မှာယူလိုသူများသည် ဦးဘိုးနု(ကိုယ်ရမ္မာ) ဖုန်း- ၀၉၄၉၆၇၄၇၅၁၊၀၉၄၉၆၄၈၂၂၅၊ ၀၉၅၉၆၇၄၇၅၁ သို့ လည်းကောင်း၊ ဦးမြတ်ဌေး(ပေါက်လေ) ဖုန်း-၀၁၅၇၀၁၆၅ သို့လည်းကောင်း ဆက်သွယ်မှာယူနိုင်ကြောင်း သတင်းရရှိသည်။