Wednesday, March 20, 2013

ဒဿမအကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော် (ရန်ကုန်) အား နေရာပြောင်း၍ ပြုလုပ်သွားမည်


၂ဝ၁၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ဒဿမအကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် (ရန်ကုန်) အား နေရာပြောင်း၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် (ရန်ကုန်)ကျင်းပရေးကော်မတီမှ ဥက္ကဌဦးစံလှမောင် ပြောကြားချက်အရ သိရသည်။
ယခင်နှစ်များတွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်အား ရန်ကုန်မြို့ သိမ်ဖြူကွင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ ကျင်းပခွင့်မပြုတော့သောကြောင့် သုဝဏ္ဏကွင်း သို့မဟုတ် ကျိုက္ကဆံကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ် ရခိုင်ရိုးရာသင်္ကြန်ပွဲတော် (ရန်ကုန်) တွင် ရခိုင်ရိုးရာ နံသာသွေးပွဲကို ဧပြီလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကျနေ့တွင်မူ ဘုရားရေသပ္ပာယ်ပွဲနှင့် သင်္ကြန်ပွဲတော်ဖွင့်ပွဲ၊ ဧပြီလ ၁၄ နေ့မှ ၁၆ ရက်နေ့အထိတွင်မူ သင်္ကြန်ရေလောင်းပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
''သုဝဏ္ဏကွင်းနဲ့ ကျိုက္ကဆံကွင်း ဘယ်ကွင်းမှာလုပ်မယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ သုဝဏ္ဏကွင်းက နေရာအဆင်ပြေလို့ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ရေအခက်အခဲရှိနိုင်တော့ ဘယ်မှာလုပ်ဖြစ်မယ် မသေချာဘူး'' ဟု ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပရေး ကော်မတီမှ ဥက္ကဌဦးစံလှမောင်က ပြောသည်။
ရခိုင်ရိုးရာသင်္ကြန်ပွဲတော် (ရန်ကုန်) ၂ဝဝ၄ ခုနှစ်မှစတင်ကာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများအား သိရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ် ရခိုင်သင်္ကြန်အား ယခင်နှစ်ကဲ့သို့ပင် ဝင်ကြေး ၅ဝဝ ကောက်ခံသွားမည်ဖြစ်ပြီး ရခိုင်ရိုးရာ အစားအစာများကိုလည်း ထည့်သွင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
From : Eleven Media Group
(သတင်းအရင်းအမြစ်- Lay Mro Website)

No comments: