Thursday, April 11, 2013

မောင်တောမှာ ALD ရုံးလာဖွင့်တဲ့ ဆရာဦးကျော်ထွန်းအောင်နဲ့ အင်တာဗျူး

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ( ALD) မောင်တောမြို့နယ်ရုံးကို ဗဟိုက ခေါင်းဆောင်တွေ လာရောက်  ဖွင့်လှစ်ခဲ့ပါတယ်။ အဲသလို ဖွင့်လှစ်ပြီးတဲ့နောက်ပိုင်းမှာ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟို ကော်မီတီဝင် တစ်ဦး ဖြစ်တဲ့ ဦးကျော်ထွန်းအောင်ကို နိရဉ္စရာက ဖုံးထဲက တဆင့် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ပါတယ်။ ဆရာ ဦးကျော်ထွန်းအောင် က အခုလို ပါတီရဲ့ သဘောထား၊ ရပ်တည်ချက်နဲ့ အနာဂတ် မျှော်မှန်းချက်တွေကို ခုလို ပြောပြပါတယ်။
(ဆရာတို့ မောင်တောမှာ ALD ရုံး လာဖွင့်တယ်လို့ သိရပါတယ်။ ဘယ်နေ့က ဖွင်လည်း။ အချိန် နေရာတွေကို နည်းနည်းရှင်းပြပေးပါ)
- ဟုတ်ကဲ့ ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဧပြီလ ၁၀ ရက် (ဒီနေ့)မှာ ဖွင့်ပါ တယ်။ မနက် ၉ နာရီကနေ ၁၂ နာရီအထိ အခမ်းအနားလုပ်ပါတယ်။ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဟောပြောပွဲ လည်း လုပ်ပါတယ်။
( မောင်တောမြို့က ဘယ်နေရာမှာ လုပ်တာပါလည်း)
-မောင်တောမှာရုံးဖွင့်တာက ရပ်ကွက် (၄) ညောင်ပင်လှရွာ၊ တိုချီဘာ လ္ဘက်ရည်ဆိုင် အပေါ်ထပ်မှာပါ။ တိုချီဘာ လ္ဘက်ရည်ဆိုင် အထက်က ဆိုင်းဘုတ်တင်ထားပါတယ်။
(ဆရာတို့ ဒီမောင်တောအထိ ရုံးဖွင့်ရတဲ့  ရည်ရွယ်ချက်က ဘာတွေရှိပါလည်း)
-မောင်တောအထိ ရုံးဖွင့်ရတာက ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့  ရခိုင် ပြည်ရဲ့ အနာဂတ် အရေး အတွက်၊ နောက်တခါ ရခိုင်ပြည်က အမျိုးသား စိန်ခေါ်မှုတွေ၊ နောက်တခါ ရခိုင်အမျိုး သားရေးကို ဆောင်ရွက်ကြတဲ့ အခါမှာ ရခိုင် လူမျိုးအားလုံး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းပါ ၀င်ပြီး လှုပ်ရှား နိုင်ဖို့အတွက်။ ကျွန်တော်တို့ မှတ်ပုံတင်တဲ့ အခါမှာလည်း မြန်မာနိုင်ငံ တနံတလျှားမှာ ဖွဲ့စည်းဖို့အ တွက် မှတ်ပုံ တင်ပါတယ်။ ပြည်နယ် တခုတည်းမဟုတ်ပါ။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိပါတယ်။ ၁၇ မြို့နယ်လုံး ကို ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပြီးပါပြီ။  နောက်တခါ ကျွန်တော်တို့ တချိန် တခါက ရခိုင်ပြည်နယ်က ကွဲပြီး ကျန်လိုက်တဲ့ ပလက်ဝကိုလည်း ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့သွားမယ်။ ပလက်ဝမှာ ဖွဲ့ပြီးပါပြီ။ အခုဆိုင်းဘုတ်တင်တာက ရခိုင်ပြည်နယ် ၁၇ မြို့နယ်အပြင် အားလုံး ၁၈ မြို့နယ်မှာ ၁၁ မြို့နယ်ကို တင်ပီး ပါပြီ။ ပြည်နယ်အတွင်းမှာ ဖွဲ့ပြီးရင် ဧရာဝတီတိုင်း ၊ ပုသိမ်၊ ငပုတော၊ မော်တင်စွန်းတွေမှာလည်း ဖွဲ့ဖို့ရှိ ပါတယ်။ နောက်တခါ မန္တလေး ရခိုင်တွေရှိတဲ့ နေရာမှာလည်း ဖွဲ့သွားမှာပါ။ ရန်ကုန်မှာလည်း ဖွဲ့ပြီးသား ဖြစ်ပါတယ်။ နောက်ဖားကန့်မှာလည်း ဖွဲ့သွားမှာ ဖြစ်ပါတယ်။ အလားတူဘဲ ပြည်ပမှာ ရခိုင်လူမျိုးတွေရှိတဲ့ နေရာတွေမှာ ဖွဲ့စည်း သွားဖို့ရှိပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ ရခိုင်အရေးကို လုပ်ကိုင်တဲ့ နေရာမှာ ရခိုင်သူ ရခိုင်သားတွေ ရခိုင် ဒီမိုကရေစီအောက်မှာ အားလုံးအတူတူ လုပ်ကိုင်သွားဖို့ ရည်ရွယ်ပါတယ်။
( အခုက ရခိုင်ပြည်မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီလည်းရှိပါတယ်။ အဲဒီလို ရုံးတွေကို တိုး ချဲ့ ဖွဲ့စည်းပီး စည်းရုံးရေး လုပ်ငန်းတွေ တိုးချဲ့ လုပ်ခြင်း အားဖြင့်  ALD နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကြားမှာ ဆက်ဆံရေးတွေ ပျက်သွား နိုင်တဲ့ အနေအထားတွေနဲ့ အခက်အခဲတွေ ရှိလာနိုင်တယ်လို့ကော ယူဆပါလား)
-မြန်မာနိုင်ငံအနေနဲ့ ဒီနေ့အချိန်မှာ ပါတီစုံ ဒီမိုကရေစီ စနစ်ကို သွားနေပါတယ်။ အဲဒီ နေရာမှာ  နိုင်ငံတော် အတွက် သော်၎င်း၊ တိုင်းပြည်နဲ့လူမျိုးအတွက် သော်၎င်း၊ နိုင်ငံရေး အရ တိုင်းပြည် အရေးကို ဆောင်ရွက်ကြတဲ့ နေရာမှာ ပါတီတိုင်းက မိမိတို့မူဝါဒနဲ့ အညီ သွားကြတာဟာ အားတစ်ခုပါ။ ဒီမိုကရေစီနိုင်ငံဆိုတာ  တပါတီ အာဏာရှင် စနစ် မဟုတ်တဲ့ အတွက် နှစ်ပါတီဘဲ ကွဲကွဲ၊ သုံးပါတီဘဲ ကွဲကွဲ အားလုံးက တိုင်းပြည်အတွက် ဦးတည်ချက်တစ်ခု ရှိတဲ့ အတွက်ကြောင့် တစ်စုံတရာ ကွဲပြားမှု ရှိမယ်လို့ ကျွန်တော်တို့ မယူဆပါ။
(ရခိုင်ပြည်က အာဏာရ လွတ်လပ်တဲ့ တိုင်းပြည်တခု မဟုတ်ဘူး။ မြန်မာနိုင်ငံထဲက ပြည်နယ် တစ်ခုဖြစ်တယ်ဆိုတော့ အမျိုးသား စည်းညီညွတ်မှု မရှိရင်၊ ကျွန်တော်တို့ အကွဲကွဲ အပြားပြား ဖြစ်နေရင်  ရခိုင်အမျိုးသားတွေ အနေနဲ့ ပြဿနာ အခက်အခဲတွေ အများကြီး ကြုံလာနိုင်တယ်လို့ မယူဆဘူးလား။ အများကလည်း စိုးရိမ်မူတွေ ရှိနေကြတယ်။ အဲဒီအပေါ်မှာ ဆရာတို့ ဘယ်လိုသဘောထား ပေးချင်ပါလည်း)
-ကျွန်တော်တို့အနေနဲ့က ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ်က ပါတီကို ဖွဲ့စည်း တည်ထောင်တဲ့ ကတည်းက (၈) ပြည်နယ်  ပြည်ထောင်စု စနစ်ကို လက်ခံထားပြီး အဲဒီ စနစ်ဟာ အခြေခံ မူ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပါတီကို ပြန်လည် ထူထောင်တဲ့ အခါမှာလည်း ကျွန်တော်တို့ မူဝါဒက စစ်မှန်သော ဖယ်ဒ ရယ်ပြည်ထောင်စု (၈)  ပြည်နယ် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို သွားမှာဖြစ်ပါတယ်။ ဒါမှသာ  ကျွန်တော် တို့ မြန်မာနိုင်ငံမှာ အေးချမ်းမှုတွေ ရရှိလိမ့်မယ်၊ တိုးတက်မူတွေ ရှိလာလိမ့်မယ်လို့ ကျွန်တော်တို့ပါတီအနေနဲ့ ယုံကြည်ပါတယ်။ RNDP နဲ့ မူဝါဒ ချင်းတော့ ကွဲပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့အတွက် (၈) ပြည်ထောင်နဲ့ဘဲ ဖယ်ဒရယ် ပြည်ထောင်စုကို တည်ထောင် သွားရင်  ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်၊ စီးပွားရေး၊ လူမှုရေး အခက်အခဲတွေ အားလုံးကို ကျော်လွှားနိုင်ဖို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့ ရခိုင်ဒီမို ကရေစီ အဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းပြီး ခုလို စည်းရုံးရေး ဆင်းနေရတာ ဖြစ်ပါတယ်။
( အခု ဆရာတို့ စည်းရုံးဆင်းနေတာဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင် စည်းရုံးတဲ့ ခရီးစဉ်လို့ ပြောမယ်ဆိုရင် ပြောလို့ရမလား။ အဲဒီသဘောများ သက်ရောက်ပါလား)
-ဟုတ်ပါတယ်။ ပါတီတစ်ခု တည်ထောင်ရင်တော့ ရွေးကောက်ပွဲလည်း ၀င်ရမှာပါ။ ဒါကြောင့် ကျွန်တော်တို့ ၂၀၁၅ မှာ ပါဝင်ဖို့လည်း ရည်ရွယ်ထားပါတယ်။
(ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အခုလို မြို့နယ် ၁၁ မြို့နယ်အထိ တိုးချဲ့ ရုံးဖွင့်ထားပြီဆိုတော့  ပြည်သူ တွေကို ဘာတွေ ပြောလိုပါလည်း။ အထူးသဖြင့် ALD ပါတီ မူဝါဒနဲ့ပတ်သတ်ပြီး ရခိုင်လူထုကို ပြောစရာရှိရင် ပြောပြပေးပါ)
-ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က မူဝါဒ ၁၆ ချက် ချမှတ်ထားပါတယ်။ အဓိအားဖြင့် အဲဒီမူဝါဒ ၁၆ ချက်ကို ခြုံလိုက်ရင် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု စနစ်ကို သွားမယ်။ နောက်တ ခါ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နောက်တခါ ၂၀၀၈ ဖွဲ့စည်းပုံကို  အခြေခံပြီး စစ်မှန်သော ပြည်ထောင်စုကို ကြိုးပမ်းသွားဖို့ ရည်မှန်ထားပါတယ်။ ၂၀၀၈ ဥပဒေကို မပြင်သမျှ ကာလပတ်လုံး ကျွန်တော်တို့ တိုင်းရင်းသားတွေ မည်သည့်အခွင့်အရေးကိုမှ မရဘဲ အတုယောင်ဒီမိုကရေစီ အတုအယောင် အခွင့်အရေးတွေရပြီး တစ်ခုမှ လုပ်နိုင်မှာမဟုတ်ပါ။ ဒါကြောင့် ကျွန်တော်တို့ စစ်မှန်တဲ့ ၈ ပြည်ထောင် စနစ်ကိုသွားပြီးမှ  ကျွန်တော်တို့ ရခိုင်တွေသော်၎င်း၊ တိုင်းရင်းသားတွေသော်၎င်း၊ မြန်မာနိုင်ငံသော်၎င်း ငြိမ်းချမ်းသာယာတဲ့ ဘ၀ကိုရောက်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။
(ဟုတ်ကဲ့ အခုလို ဆရာတို့ မောင်တောမှာ ရုံးဖွင့်တဲ့အားဖြင့် အထူးသဖြင့် မောင်တောမှာရှိတဲ့ ရခိုင်လူထုရဲ့ ထောက်ခံ အားပေးမှုက ဘယ်လိုမြင်ပါလည်း)
-ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးကို မောင်တောမှာ ဖွင့်လှစ်တဲ့အခါ ကျွန်တော်တို့မှာ နဂို ၉၀  ခုနှစ် ကတည်းက ရွေးကောက်ပွဲဝင်ခဲ့တဲ့ အဖွဲ့ဝင်ဟောင်းတွေရှိပါတယ်။ နောက်တခါ အခု ဒီမိုကရေစီစနစ်ကို ဖြတ်သန်း လာတဲ့ တနှစ်ကျော်ကာလအတွင်းမှာ ဒီမိုကရေစီ စနစ်ကြောင်းပေါ်ပေါက်လာတဲ့ အုပ်ချုပ်ရေး အပိုင်းတွေမှာ ပျော့ကွက် ဟာကွက်တွေကို မြင်လာတဲ့အတွက် ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လမ်းစဉ်ကို အများအားဖြင့် နှစ်သက်သူတွေ များလာတဲ့အတွက် အခုမောင်တောမှာလည်း ဖွင့်စမှာ မောင်တောမြို့သူမြို့သားတွေက အားပါးတရ စိတ်ဝင်စားပြီး ကျွန်တော်တို့ကို ကြိုဆိုကြတယ်။ နောက်တခါ အဖွဲ့ဝင်တွေ ၀င်ကြတာကိုတွေ့ရပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: