သံတွဲမြို့တွင် လက်ရှိအနေအထားအရ ပုဒ်မ ၁၄၄ ထုတ်ဆင့်ခြင်းမပြုရန် ဒေသခံပြည်သူလူထု ၅၀၀ ကျော်တို့်က လက်မှတ်ရေးထိုးလျက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံသို့ ကန့်ကွက်စာ ပေးပို့ထားကြောင်း သိရသည်။
သံတွဲမြို့မှ နွေးထွေးစွာကြိုဆိုပါ၏။ သံတွဲမြို့မှ နွေးထွေးစွာကြိုဆိုပါ၏။
ဧပြီ ၆ ရက်နေ့က နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ကျော့ပိုက်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ သံတွဲခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံဆွေးနွေးလျက် သံတွဲမြို့နယ်၌ ပုဒ်မ ၁၄၄ အမိန့်ထုတ်ရန် ဆုံးဖြတ်ချက်အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြထားသဖြင့် ပြည်သှုအများစုဆန္ဒနှင့်အညီ ယခုကဲ့သို့ ကန့်ကွက်စာပို့ရခြင်းဖြစ်ကြောင်း လူထုလက်မှတ်ကောက်ခံရေး ဆောင်ရွက်သူများက အာရ်ကန်တိုင်းမ်စ်ကို ပြောသည်။
" ကျနော်တို့သံတွဲမှာ ဆူပူအကြမ်းဖက်တာမျိုးတွေ မရှိဘူးဗျ။ ဆန္ဒပြမယ်ဆိုလည်း ခွင့်ပြုချက်နဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်ကြတာများတယ်။ သံတွဲမှာ မတူညီတဲ့လူမျိုးစုနှစ်စု အတူနေကြပေမယ့် အေးချမ်းတည်ငြိမ်မှုရှိတယ်။ ငပလီကို ကမ္ဘာလှည့် ခရီးသွားတွေလည်း အရင်ကထက်တောင်မှ လာရောက်လည်ပတ် နေကြတယ်။ ရေလုပ်ငန်းနဲ့ အခြားလုပ်ငန်းတွေလည်း ဒီရာသီမှာ အဆင်ပြေကြတယ်။ ၁၄၄ အမိန့်ထုတ်ရမယ့် အနေအထားမျိုး လုံးဝမရှိဘူး။ မလိုအပ်ဘဲ ၁၄၄ ထုတ်လိုက်ရင် ငပလီခရီးသွားလုပ်ငန်း ကျရှုံးသွားမှာဖြစ်သလို ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးဟာလည်း အကြီးအကျယ် ထိခိုက်သွားနိုင်တာမို့ ကျနော်တို့ ကန့်ကွက် နေရတာပါ။ " ဟု လူထုလက်မှတ် ကောက်ခံရေး ခေါင်းဆောင်တစ်ဦးက ပြောသည်။
ဧပြီလ (၉)ရက်နေ့က ကောက်ယူရရှိခဲ့သော လက်မှတ်ပေါင်း ၅၀၀ ကျော်ကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သို့ ပေးပို့ထားခဲ့ပြီး၊ သံတွဲတမြို့နယ်လုံး ကျေးလက်တောရွာများအထိ လူထုလက်မှတ်များကို ဆက်လက်ကောက်ခံ သွားမည်ဟုလည်း ၄င်းကဆိုသည်။ ကောလာဟလများကို အခြေခံကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ရေးကို ဆုံးဖြတ်ချက်ချခဲ့သည့် သံတွဲမြို့မိမြို့ဖများနှင့် ပတ်သက်၍ ဝေဖန်မှုများလည်း ရှိနေသည်။
အစည်းအဝေး၌ ညမထွက်ရ အမိန့်ထုတ်ရေး ဆုံးဖြတ်ခဲ့သူများနှင့် ပတ်သက်၍ " သံတွဲကိုညမထွက်ရ အမိန့်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မြို့မိမြို့ဖ အမည်ခံလူတစုဟာ အမှန်တကယ် သံတွဲကို ကိုယ်စားပြုသူတွေမဟုတ်ကြဘူး။ ပြည်သူ လူထုဆန္ဒနဲ့အညီ ရွေးထားတာမဟုတ်ဘူး။ ကောလာဟလသတင်းတွေကို နားယောင်ပြီးတော့ သံတွဲကို မငြိမ်မသက်ကျီးလန့်စာစား ဖြစ်စေလိုသူတွေအလိုကျ ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်တယ်။ " ဟု သံတွဲမှ ဆရာတော်တပါးက အမိန့်ရှိသည်။
ရခိုင်လူမှုကွန်ယက်မှ ကိုမြင့်မိုးကလည်း " အမိန့်တခုကို ထုတ်ရတာလွယ်တယ်ဗျ။ အဲဒီအမိန့်ကိုပုံဖော် လုပ်ဆောင်ရမယ့် လူတွေနဲ့ လိုက်နာမယ့် လူတွေကိုလည်း ကြည့်ဖို့လိုတယ်။ ၁၄၄ ထုတ်လိုက်ပြီဆိုရင် သွားချင်တိုင်း သွားလို့မရတော့ဘူး အလုပ်လုပ်တဲ့လူတွေကို ထိခိုက်လာမယ်။ ကျန်းမာရေး ကိစ္စတွေကိုလဲ ထိခိုက်လာမယ်။ တဖက်မှာ ၀န်ထမ်းတွေလည်းမလိုအပ်ဘဲ အလုပ်များလာမယ်။ ဒီအမိန့်က ၂ လ တစ်ကြိမ် သုံးသပ်ရတာဆိုတော့ ထုတ်ပြီးမှ အဆင်မပြေဘူး၊ ပြန်ရုပ်ပေးဗျာ သွားလုပ်လို့မရဘူး။ အပြစ်မဲ့ပြည်သူတွေဟာ အနည်းဆုံး ၂ လတော့ အလိုလိုနေရင်း ဒုက္ခခံကြရတော့မှာပဲ။ " ဟု သုံးသပ်ပြောဆိုသည်။
ရခိုင်ဒေသ ပဋိပက္ခကြောင့် ၂၀၁၂ ခုနှစ် ဇွန်လ (၈)ရက်နေ့က သံတွဲ၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး၊ အောက်တိုဘာ (၁၀) ရက်နေ့တွင် တည်ငြိမ်နေသော အနေအထားနှင့်အတူ၊ ငပလီခရီးသွားလုပ်ငန်းနှင့် အများပြည်သူတို့၏ စားဝတ်နေရေး ကိုအလေးထားလျက် အာဏာပိုင်များက ပုဒ်မ ၁၄၄ အား ပြန်လည်ရုပ်သိမ်း ပေးခဲ့သည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- နေဇော်(သံတွဲ))