လွန်ခဲ့သည့် မတ်လ ၂၅ ရက်နေ့မှစ၍ ဖမ်းဆီးသွားခဲ့သော ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီ အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးအား ဧပြီလ ၄ ရက်နေ့ နေ့လည် ၁၂ နာရီတွင် အနောက်ပိုင်းခရိုင်တရားရုံး၌ ပထမအကြိမ် စတင်ရုံးထုတ်ခဲ့ကြောင်းသိရသည်။
 ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မတီ) အထွေထွေ အတွင်းရေးမှူး ကိုရဲမင်းဦးအား ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးထုတ်လာစဉ်။ (ဓါတ်ပုံ - သစ်လွင်အောင် ဖေ့စ်ဘုတ်စာမျက်နှာ) ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မတီ) အထွေထွေ အတွင်းရေးမှူး ကိုရဲမင်းဦးအား ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးထုတ်လာစဉ်။ (ဓါတ်ပုံ - သစ်လွင်အောင် ဖေ့စ်ဘုတ်စာမျက်နှာ)
၎င်းအား ပုံမှန်အချုပ်ကားဖြင့် မဟုတ်ဘဲ၊ အထူးကားဖြင့် ရုံးထုတ်လာခြင်းဖြစ်ကာ၊ တရားရုံးသို့ရောက်စဉ် ၄င်း၏ ရှေ့နေများအပါအ၀င် မိတ်ဆွေများနှင့် တွေ့ဆုံခွင့်မရဘဲ လက်ထိပ်တန်းလန်းနှင့် ချက်ချင်းဆိုသလို တရားရုံးခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။
တရားရုံးတွင်း၌ မိနစ်ပိုင်းမျှကြာပြီးနောက် ပြန်ထွက်လာသောအခါ ရဲများက တရားရုံးပြင်ပတွင်အသင့် စောင့်နေသော သတင်းထောက်များနှင့် တွေ့ခွင့်မရအောင် ကားပေါ်သို့ အတင်းဒရောသောပါး တင်ရန်ကြိုးစားနေကြသည့်ကြားမှ သတင်းထောက်များနှင့် မိနစ် ၂၀ ခန့်တွေ့ခွင့်ရခဲ့သည်။
သတင်းထောက်များနှင့် တွေ့စဉ် ကိုရဲမင်းဦးက " ကျနော်မတရားခံနေရတာပါ။ ကျနော့်ကို စဖမ်းတဲ့အချိန်ကစလို့ ဥပဒေမဲ့ မတရားဖမ်းခဲ့သလို၊ ၂၄ နာရီကျော်တဲ့အထိ ရမန်မယူဘဲ ထိန်းသိမ်းထားခဲတယ်။ အစိုးရဟာ မိတ္ထီလာကိစ္စမှာ လက်သည်တရားခံရှာမရတာနဲ့ ကျနော့်ကို အဓမ္မအမှုဆင်ပြီး ဖမ်းထားတာ ဖြစ်တယ်။ " ဟု အော်ဟစ် ပြောဆိုခဲ့သည်။
ရုံးထုတ်စဉ် လာရောက်တွေ့ဆုံသည့် ရခိုင်လူငယ်အဖွဲ့(AYO)အဖွဲ့ဝင် ကိုမောင်လေးက " ရခိုင်လူငယ် ကိုရဲမင်းဦးကို လက်ထိပ်ကြီးတန်းလန်းနဲ့ တကယ့် ရာဇ၀တ်သားကြီး တဦးလိုခေါ်လာခဲ့တာပါ။ သူ့ကိုပုဒ်မ ၅၀၅(ခ)နဲ့ စွဲဆိုထားတာဖြစ်တယ်။ ဒီပုဒ်မနဲ့ အခြားသူတွေကိုဖမ်းတုန်းက ရုံးထုတ်တဲ့အခါမှာ ဘယ်သူ့ကိုမှ လက်ထိပ် မခပ်ခဲ့ဘူး။ ကိုရဲမင်းဦးကိုပဲ ရွေးပြီးတော့ တမင်လုပ်တာဖြစ်တယ်။ ဒါဟာ အစိုးရအနေနဲ့တိုင်းရင်းသား တွေအပေါ် တမင်နှိပ်ကွပ်တဲ့သဘောလို့ AYO အနေနဲ့မြင်တယ်ဗျာ။ " ဟု Arakan Times ကိုပြောသည်။
ထို့အတူ ကိုရဲမင်းဦး၏ ဦးလေးဖြစ်သူ ဦးကျော်ကျော်ကလည်း ၄င်း၏ တူဖြစ်သူအား စတင်ဖမ်းဆီးစဉ်မှစ၍ ယနေ့အချိန်ထိ အာဏာပိုင်များ၏ လုပ်ရပ်မှာ ဥပဒေနှင့်မညီ၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုမရှိခဲ့ကြောင်း ဆိုသည်။
" ရဲမင်းဦးကို စဖမ်းကထဲက ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ SB တွေကို သွားမေးတယ်။ ဘယ်သူကမှ ဖမ်းထားပါတယ်လို့ ၀န်မခံခဲ့ဘူး။ အသတ်ခံရမှန်း၊ အဖမ်းခံရမှန်းမသိရတော့၊ မတ်လ ၂၆ ရက်နေ့ ဗဟန်းရဲစခန်းမှာ လူပျောက်မှုဖွင့်ခဲ့သလို၊ မတ်လ၂၉ ရက်နေ့ မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ ၁၁ မှာလည်း ကိုရဲမင်းဦး ပျောက်ဆုံးနေကြောင်း သတင်းထည့်ခဲ့တယ်။ ဒါတွေကို သက်ဆိုင်ရာက မျက်ကွယ်ပြုထားခဲ့တယ်။ မိသားစုတွေနေ့စဉ်နှင့် အမျှစိုးရိမ်သောကတွေနဲ့ ပူလောင်နေခဲ့ရတယ်။ သူ့အဖေဆိုရင်နဂိုကထဲက ကျန်းမာရေး မကောင်းရတဲ့ကြား အစာမစားတော့ အိပ်ရာထဲဗုန်းဗုန်းလဲနေရှာတယ်။ ဒါရည်ရွယ်ချက်ရှိရှိ တမင်လုပ်ပြတဲ့ဖြစ်ရပ်လို့ပဲမြင်တယ်။ " ဟု ၄င်းက ပြောပြသည်။
ထို့နောက် သက်ဆိုင်ရာက ကိုရဲမင်းဦးအား အင်းစိန်အကျဉ်းထောင် အဆောင်(၆)၊ အခန်း(ခ)တွင် ထိန်းသိမ်း ထားရှိကြောင်း မတ်လ ၃၁ ရက်နေ့၊ ညနေပိုင်းတွင် ရခိုင်လူငယ်များအဖွဲ့၏ တာဝန်ရှိသူများထံ အသိပေးခဲ့သည်။
ယခုကဲ့သို့ ဖမ်းဆီးခြင်းမျိုးသည် အာဏာရှင် ပုံစံမျိုးဖြင့် လုပ်ကိုင်ခြင်းသာဖြစ်ကြောင်း ဒီမိုကရေစီ ဖော်ဆောင်နေသည် ဟုသာ ပြောနေပြီး အာဏာရှင် အရိပ်အငွေ့တွေ ရှိနေသေးကြောင်း ရုံးထုတ်လာစဉ် သတင်းမီဒီယာသများက တားဆီးမေးမြန်းခဲ့ရာမှာ ကိုရဲမင်းဦးက ပြောကြားခဲ့သည်။ (ဓါတ်ပုံ - သစ်လွင်အောင် ဖေ့စ်ဘုတ်စာမျက်နှာ)ယခုကဲ့သို့ ဖမ်းဆီးခြင်းမျိုးသည် အာဏာရှင် ပုံစံမျိုးဖြင့် လုပ်ကိုင်ခြင်းသာဖြစ်ကြောင်း ဒီမိုကရေစီ ဖော်ဆောင်နေသည် ဟုသာ ပြောနေပြီး အာဏာရှင် အရိပ်အငွေ့တွေ ရှိနေသေးကြောင်း ရုံးထုတ်လာစဉ် သတင်းမီဒီယာသများက တားဆီးမေးမြန်းခဲ့ရာမှာ ကိုရဲမင်းဦးက ပြောကြားခဲ့သည်။ (ဓါတ်ပုံ - သစ်လွင်အောင် ဖေ့စ်ဘုတ်စာမျက်နှာ)
ကိုရဲမင်းဦးအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် အရေးယူထားပြီး၊ လာမည့်ဧပြီ ၂၃ ရက်နေ့တွင် ဒုတိယ အကြိမ်ရုံးထုတ် စစ်ဆေးသွားမည်ဟု ၄င်း၏ရှေ့နေဖြစ်သူ ဦးအောင်သိန်းက ပြောသည်။
ကိုရဲမင်းဦးမှာ ရခိုင် လူငယ်များအဖွဲ့၏ အဖွဲဝင်လည်းဖြစ်၍ ၄င်းပျောက်နေမှုအားစိုးရိမ်သဖြင့် ရခိုင်လူငယ်များ အဖွဲ့(AYO)မှ ဦးဆောင်၍ မတ်လ ၂၆ ရက်နေ့က ရန်ကုန်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ "ရွှေရသာ" စားသောက်ဆိုင်၌ သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ခဲ့သည်။
မတ်လ၂၉ ရက် နေ့တွင်လည်း ၄င်းပျောက်ဆုံးမှု အပေါ်ပြည်သူ့လွှတ်တော်တရား ဥပဒေစိုးမိုးရေးကော်မတီ၊ ရခိုင်နိုင်ငံရေး ပါတီများနှင့် ရခိုင်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC)၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်(ILO)၊ နိုင်ငံခြားသံရုံးများသို့ AYOက အသိပေးစာများ ပေးပို့ထားခဲ့သည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- ဇင်ကီး)