မတ်လ ၃၁ ရက်နေ့က ဂျိတ္တောကျေးရွာတွင် ရွာအုပ်ချုပ်ရေးမှူး နုတ်ထွက်ပေးရန် လူ ၃၀၀ ခန့် ဆန္ဒပြမှု
ဖြစ်ပွားခဲ့သည်။

မတ်လ
၃၁ ရက်နေ့ မနက် ၈း၃၀ တွင် သံတွဲဂျိတ္တော၌ ရွာသူရွာသား ၃၀၀ ကျော်က
အုပ်ချုပ်ရေးမှူးနှုတ်ထွက်ပေးရေး ၂ နာရီကြာ ဆန္ဒပြခဲ့သည်။ (ဓာတ်ပုံ -
သိန်းလှိုင်၊ မဇ္ဈိမ)
“သူတို့တောင်းဆိုတာ ကျေးရွာဥက္ကဋ္ဌ အလိုမရှိ၊ ရခိုင်ပြည်နယ်ကို ရခိုင်လူမျိုးများသာ ပိုချစ်သည်၊ ရခိုင်လူမျိုးများသာ ကာကွယ်နိုင်မည် ဆိုပြီးတော့ ရွာလမ်းတွေကို ဖြတ်လျှောက် ကြွေးကြော်ခဲ့ကြတယ်” ဟု လူမှုကွန်ယက်အဖွဲ့ဝင် ကိုစိန်ချစ် က ဆိုသည်။
ထိုသို့ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင် နုတ်ထွက်ပေးရန် ဆန္ဒပြပွဲ ဖြစ်ပွားလာရခြင်းမှာ မတ်လ ၃၀ နေ့ အငြင်းပွားမှု တရပ်တွင် ဘက်လိုက်ဖြေရှင်းခဲ့သည်ဟု ရွာသားများက ယူဆ၍ဖြစ်ကြောင်း လူမှုကွန်ယက်က ဆိုသည်။
ထိုည ၈ နာရီခွဲ၌ ဂျိတ္တောရွာ၊ အမှတ် (၁၂) ရပ်ကွက်ရှိ ဒေါ်အမာ နေအိမ်တွင် တဖက်နိုင်ငံမှ အမည်မသိသူတချို့
ရောက်ရှိနေသည်ဟု ကြားသိရ၍ ရွာသားများက သွားရောက်စုံစမ်းစဉ် အိမ်ရှင်ဒေါ်အမာနှင့် ရွာသားများ အချေအတင်ဖြစ်ခဲ့ရာမှ ရွာသားများအနက် ကိုထွန်းဝင်းနှင့် အမျိုးသမီး နှစ်ဦးကို ထိုနေ့ည ၁ နာရီခန့်တွင် ကျေးရွာ ရဲစခန်းမှ လာရောက်ဖမ်းဆီး ခေါ်ယူ စစ်ဆေးခဲ့သည်။
ရွာသားများက ည ၁ နာရီခွဲခန့်တွင် ဂျိတ္တောရဲစခန်းကို သွားရောက်၍ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်
တောင်းဆိုခဲ့ကြရာ အဆိုပါ သုံးဦးလုံးအား ည ၂ နာရီ၌ ပြန်လွှတ်ပေးခဲ့သည်။
“ဒီဖြစ်စဉ်က လူမျိုးရေးထက် အိမ်ရှင်က ရွာသားတွေနဲ့ နဂိုကတည်းက အဆင်မပြေမှု ပိုများပုံရတယ်။ အိမ်ကို သွားပြီး မေးမြန်းမှုမှာ အပြန်အလှန်ထိခိုက်မှု အနည်းငယ် ရှိခဲ့ပေမယ့် စွပ်စွဲခံရသူတွေဟာ အမှန်တကယ် ပြစ်မှု ကျူးလွန်ကြောင်း အလီဘိုင် မပြနိုင်လို့ ပြန်လွှတ် ပေးလိုက်တာပါ” ဟု သံတွဲ ရဲစခန်းမှ တာဝန်ကျ တပ်ဖွဲ့ဝင်တဦး က ပြောပြသည်။
မတ်လ ၃၁ ရက် ည ၉ နာရီခန့်တွင် သံတွဲဘက်မှ ကားတစ်စီးဖြင့် စစ်သားများ ရောက်ရှိလာပြီး ရွာအတွင်း
နေရာခွဲဖြန့် ချထားကာ အခြေအနေကို ထိန်းသိမ်းနေကြောင်း သံတွဲကမ်းခြေ လူမှုကွန်ယက် တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။
ဂျိတ္တောရွာမှာ သံတွဲမြို့တောင်ဖက် ၁၀ မိုင် အကွာရှိ အိမ်ခြေ ၂,၀၀၀ ကျော်သည့် ရွာကြီးတရွာ ဖြစ်ကာ ယခုအခါ ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများလည်း ရောက်ရှိလာကာ လုံခြုံရေးအင်အား ၃၀ ကျော် တို့နှင့်အတူ စီမံကွပ်ကဲလျက် ရှိပြီး ဧပြီ ၁ ရက်နေ့မနက်ပိုင်းတွင် ရွာထဲ၌ ရွာသားများ ပုံမှန်သွားလာလျက် ရှိသည်။
သံတွဲမြို့ပေါ်၌ တပ်နှင့်ရဲတို့ ပူးပေါင်းလျက် လုံခြုံရေး ပိုမိုတိုးချဲ့ချထားကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ၊ ရေးသားသူ- သိန်းလှိုင်)
No comments:
Post a Comment