Wednesday, April 3, 2013

ယခုနှစ် ရခိုင်ရိုးရာ အတာသင်္ကြန် စည်ကားမှု နည်းနိုင်

ပြည်သူများ စားဝတ်နေရေး မပြေလည်မှုနှင့် အာဏာပိုင်များ၏ အားပေးမှု နည်း၍ မကြာမီ ကျင်းပတော့မည့် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲသူ နည်းပါးကာ စည်ကားမှု အားနည်းနိုင်ကြောင်း စစ်တွေမြို့ ရခိုင်ရိုးရာ ဖော်ထုတ်ရေး ကော်မတီမှ တာဝန်ရှိသူများက ခန့်မှန်းနေကြသည်။

“နှစ်တိုင်းလိုပဲ အစဉ်အလာမပျက် စည်ကားအောင် ကျင်းပသွားဖို့ ပြည်နယ်အစိုးရက ကြိုးပမ်းနေတယ်။ ဒါပေမယ့် စီးပွားရေးအရ စစ်တွေမှာ အရပ်ဘက် ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍပ် ၁၀ ခုလောက်ပဲ ရှိတော့မယ်။ နောက်ပြီး ငွေကြေး အခက်အခဲကြောင့် ဆင်နွှဲကြမယ့်သူတွေလည်း နည်းသွားမယ်ဆိုတော့ ခါတိုင်းနှစ်တွေလောက် မစည်ကားနိုင်တော့ ဘူး” ဟု ကော်မတီ၏ နာယက ဖြစ်သူ စာရေးဆရာ ဗဂျီးကျော် က ပြောသည်။

စစ်တွေမြို့ ရပ်ကွက်အသီးသီးမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူငယ်အဖွဲ့အစည်းများ စုစည်းလျက် ရခိုင်ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းရန် အဆိုပါ ကော်မတီအား ၂၀၀၈ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်အား ခေတ်အဆက်ဆက် အစိုးရများ ခွင့်ပြုပုံ ပြောင်းလဲလာခဲ့သည်ဟု စစ်တွေမြို့ ဂန္ထဝင် စာအုပ်တိုက်ပိုင်ရှင် ဦးထွန်းဝင်း က ပြောသည်။

“ဘာပဲပြောပြော မဆလ ခေတ်တုန်းက ဆိုရင် အာဏာပိုင်တွေ ကိုယ်တိုင် ဗဟိုမဏ္ဍပ်မှာ ရခိုင်ရိုးရာ သင်္ကြန် ဆိုပြီးတော့ ရခိုင့်ဟန်စစ်စစ်နဲ့ ကျင်းပခဲ့တယ်။ စစ်တွေ ရပ်ကွက် ၃၀ က အားလုံး မဏ္ဍပ်ထွက်ကြတယ်။ စစ်အစိုးရ
ခေတ် ကျတော့ အာာဏာပိုင်တွေက အရပ်ဘက် ရခိုင်မဏ္ဍပ်တွေ အားလုံး ဖျက်ပစ်တယ်။ ဗဟိုမဏ္ဍပ်တခုထဲသာ ထားပြီးတော့ကို မြန်မာ့ရိုးရာ မဟာသင်္ကြန် ဆိုပြီးတော့ ပြောင်းလိုက်တယ်။ အစိုးရသစ်လက်ထက်မှာ ဗဟိုမဏ္ဍပ်ကို
မြန်မာ့ရိုးရာ ကျင်းပသလို၊ သုံးရပ်ကွက် မဏ္ဍပ်တခုကျ ရခိုင်ရိုးရာအနေနဲ့ ထွက်ခွင့်ပြုထားတယ်။ အုပ်ချုပ်တဲ့အစိုးရရဲ့ မူဝါဒအပေါ်မှာ လိုက်ပြီး ရိုးရာသင်္ကြန် စည်ကားမှုဟာ ပြောင်းလဲမှု ရှိနေတယ်” ဟု ထောက်ပြပြောဆိုသည်။

ခေတ်လူငယ်များ ရိုးရာနှင့်မညီသော မော်တော်ကားဖြင့် ရေပက်ခံထွက်ခြင်းကြောင့်လည်း ရခိုင်ရိုးရာ အသွင်သဏ္ဍာန်များ ယုတ်လျော့လာခဲ့ရကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ရန်ကုန်မြို့ ရခိုင်သင်္ကြန်ပွဲကို “လက်ရှိ အနေအထားအရ ဒီနှစ် ရခိုင်သင်္ကြန်ကို စည်ကားဖို့ထက် အစဉ်အလာ မပျက်အောင် ကျင်းပဖို့ ကျမတို့ စီစဉ်နေဆဲ ဖြစ်ပါတယ်။ နံ့သာ သွေးတာနဲ့ ဘုရား ရေသပ္ပာယ်တာကို ရခိုင်ဓမ္မာရုံမှာ လုပ်မယ်။ ရေလောင်း မဏ္ဍပ်တွေကိုတော့ သုဝဏ္ဏကွင်းမှာ လုပ်မယ်။ ဒီနှစ်မဏ္ဍပ် ၆ ခုပဲ စာရင်းရသေးတယ်။
နှစ်တိုင်းနဲ့စာရင် အရမ်းနည်းသွားတယ်” ဟု ကျင်းပရေးကော်မတီ၏ နာယက ဒေါ်စောခင်တင့် က ပြောသည်။

ရခိုင်သင်္ကြန်မှာ ဘီစီခြောက်ရာစု ဓညဝတီ ပြည့်ရှင် စန္ဒသူရိယမင်း လက်ထက်က မဟာမုနိ ရုပ်ပွားတော်မြတ်အား သွန်းလုပ်စဉ်က နံ့သာရည်ဖြင့် ရေသပ္ပာယ်ကာ ရောင်တော်ဖွင့်ရာမှ ရခိုင်သင်္ကြန် စတင်ခဲ့ကြောင်း ရန်ကုန် ရခိုင်သင်္ကြန်ပွဲကို ကိုးနှစ် ဆက်တိုက် ဦးဆောင် ကျင်းပလာခဲ့သူ ဦးလှမြင့် က ရှင်းပြသည်။ မြန်မာ့ရိုးရာနှင့် ရခိုင်ရိုးရာ သင်္ကြန်ဆင်နွှဲပုံခြင်း အနည်းငယ် ကွဲပြားကြသည်။

“ရခိုင်မှာ ရေပက်ရင် မဏ္ဍပ်ရှေ့မှာ လောင်းလှေကြီးကို ချထားပြီးတော့ လှောင်းလှေထဲက ရေနဲ့အပြန်အလှန် ပက်ကြရတယ်။ ရေပက်ခံ မိန်းကလေးတွေက မဏ္ဍပ်မှာ ဒိုင်ခံရှိနေပြီး ရေလာလောင်းတဲ့ ကာလသားတွေက အလှည့်ကို စောင့်ဆိုင်း လောင်းကြရတယ်။ ရေပက်ခံ မိန်းကလေးတွေနဲ့ ရေလာလောင်းသူ လူပျိုတွေဟာ
လှေထဲကရေကို ခွက်နဲ့ အပြိုင်အဆိုင် မျက်နှာချင်းဆိုင် လောင်းရာက တဖက်က ပက်လိုက်တဲ့ ရေဒဏ်ကို မခံနိုင်လို့ မျက်နှာကို လက်နဲ့ သုတ်မိရင်၊ ဒါမှမဟုတ် ပွတ်မိပြီဆိုရင် အရှုံးပေးရတယ်” ဟု ဦးလှမြင့် က ပြောသည်။

ယခုနှစ် ရခိုင့်ရိုးရာ သင်္ကြန်ပွဲတော်ကို စစ်တွေမြို့တွင် ရခိုင်ရိုးရာ ဖော်ထုတ်ရေးကော်မတီက ကြီးမှူး၍ ဧပြီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့ထိ နံ့သာသွေးခြင်း၊ ဘုရားရေသပ္ပာယ်ခြင်း၊ မိဇံ ကမ်းနားလမ်းရှိ ရခိုင်ရိုးရာသင်္ကြန်မဏ္ဍပ်များ တွင် ရေပက်ခြင်းတို့ကို ပြုလုပ်ကြမည်။

ပြည်နယ်အစိုးရအဖွဲ့ကလည်း ဧပြီ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကို စစ်တွေမြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ၊ ရေးသားသူ- သိန်းလှိုင်)

No comments: