Wednesday, April 3, 2013

ရသေ့တောင်မြို့တွင် ဆန္ဒပြပွဲဦးဆောင်ခဲ့သည်ဟု စွပ်စွဲခံရသူနှစ်ဦးကို တရားစွဲ

ဘင်္ဂါလီများကို နိုင်ငံသားဟုတ်မဟုတ် စိစစ်ခြင်းမပြုဘဲအခိုင်အခန့်လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးခြင်း မပြုရန် ကန့်ကွက်အရေးဆိုသည့် ပြီးခဲ့သော မတ်လ (၁၀)ရက်နေ့က ရသေ့တောင်မြို့တွင် ဆန္ဒထုတ်ဖော် စီတန်းလှည့်လည်မှုကို ခွင့်ပြုချက်မရဘဲ ပြုလုပ်ရာတွင် ဦးဆောင်ခဲ့သည် ဆိုသော စွပ်စွဲချက်ဖြင့် လူနှစ်ဦးကို ယမန်နေ့ကရသေ့တောင်မြို့နယ် တရားရုံးတွင် ရုံးတင် တရားစွဲဆိုခဲ့သည်။
တရားစွဲဆိုခံရသူ နှစ်ဦးမှာ ဦးကျော်မိုးထွန်း (ခေါ်) တိုးတိုး နှင့် ဦးသန်းဌေး (ခေါ်) ဦးတိုက်တာတို့ဖြစ်သည်။
ခွင့်ပြုချက်ရအောင်မစောင့်ဘဲ လမ်းပေါ်ထွက်စီတန်းလှည့်လည်ခဲ့ကြသော အဆိုပါဆန္ဒပြပွဲကိုနဂိုက ရဟန်းတော် သုံးပါး အမည်ဖြင့် ခွင့်ပြုချက် တောင်းခံခဲ့ကြခြင်းဖြစ်သည်။
သို့ရာတွင် ဆန္ဒပြပွဲတွင် ရှေ့ဆုံးမှ ဦးဆောင်လမ်းရှင်းပေးသူများအဖြစ် အဆိုပါလူနှစ်ဦးအား ဓါတ်ပုံများတွင် တွေ့ရသဖြင့် ၄င်းတို့အား ဦးဆောင်သူများအဖြစ် တရားစွဲဆိုခြင်းဖြစ်နိုင်သည် ဟု ခန့်မှန်းကြသည်။
ရသေ့တောင်ရဲတပ်ဖွဲ့မှူးက တရားလိုပြု စွဲဆိုသော အဆိုပါအမှုအတွက် ဒုတိယအကြိမ် ရုံးချိန်းအဖြစ် လာမည့် ဧပြီလ ရှစ်ရက်ကို ချိန်းဆိုထားသည်။
တောင်ကုတ်မြို့ ဆန္ဒပြပွဲကိုဦးဆောင်သည်ဟု စွပ်စွဲခြင်းခံရသူသုံးဦးကိုမူ ယနေ့ မွန်းလွဲပိုင်း က တောင်ကုတ်မြို့တွင် တရားစွဲဆိုခဲ့သည်။
(Coral Arakan News )
(သတင်းအရင်းအမြစ်- လေးမြို့ Website)

No comments: