ရခိုင်စာကို ရခိုင်လူမျိုးတို့ သင်ယူနိုင်ရန် ရခိုင်စာသင်ရိုးညွှန်းတမ်းပြုစုရေး ကော်မတီက မတ်လမှစ၍ ဆွေးနွေး ရေးဆွဲခြင်း လုပ်ငန်းများအား စတင်လုပ်ကိုင်လျက်ရှိရာ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း စသည့် အတန်းသုံးတန်းအတွက် သင်ရိုးများကို ဧပြီလအတွင်း အပြီးသတ် ရေးဆွဲတော့မည်ဖြစ်ကြောင်း ကော်မတီ၏ တာဝန်ရှိသူများက ဆိုသည်။
ရခိုင်စာကို ရခိုင်လူမျိုးတို့ သင်ယူနိုင်ရန် ရခိုင်စာသင်ရိုးညွှန်းတမ်းပြုစုရေး ကော်မတီက ဆွေးနွေးနေစဉ်ရခိုင်စာကို ရခိုင်လူမျိုးတို့ သင်ယူနိုင်ရန် ရခိုင်စာသင်ရိုးညွှန်းတမ်းပြုစုရေး ကော်မတီက ဆွေးနွေးနေစဉ်
ပထမအကြိမ် ဆွေးနွေးခြင်းကို မတ်လ ၆ ရက်မှ ၉ ရက်နေ့အတွင်း မူလတန်းသင်ရိုးမူကြမ်းရေးဆွဲခြင်း အပြီးသတ်ခဲ့ပြီးသည့်နောက် ယခုဒုတိယအကြိမ်အဖြစ် ဧပြီလ ၅ ရက်နေ့မှစ၍ ပထမတန်းနှင့် ဒုတိယတန်း သင်ရိုးများ ရေးဆွဲခြင်းကို ပြန်လည်စတင် နေခြင်းဖြစ်သည်။
" ပထမဆွေးနွေးပွဲက ဆွေးနွေးပြုစုပေးလိုက်တဲ့မူကြမ်းကို မြို့နယ်အသီးသီးသို့ ချပေးထားခဲ့တယ်။ ချပေးထားတဲ့ အပေါ်မှာ အကြံပြုချက်တွေရောက်လာတယ်။ အဲဒီအကြံပြုချက်တွေကို ပြန်လည်ဆွေးနွေးပြီးတော့ ပထမတန်း၊ ဒုတိယတန်းကိုဆက်လက် ဆွေးနွေးသွားမှာ ဖြစ်တယ်။ သင်ရိုးမူကြမ်းအားလုံးကိုတော့ ၃ ရက်အတွင်းမှာ အပြီးသတ်မှာ ဖြစ်ပါတယ်။ " ဟု ကော်မတီအတွင်းရေးမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။
ဒုတိယအကြိမ် ဆွေးနွေးခြင်းဆိုင်ရာ အစည်းအဝေးကို ဧပြီလ ၅ ရက်နေ့၊ နံနက် ၈ နာရီ တွင် ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ရခိုင်စာသင်ရိုးဝိုင်းဝန်း ရေးဆွဲပေးကြသော ပညာရှင်များကို ကျေးဇူးတင်ရှိကြောင်းနှင့် လိုအပ်သည်များကို ပြည်နယ်အစိုးရမှ ပံ့ပိုးကူညီ
ပေးသွားမှာဖြစ်ကြောင်း တက်ရောက်ပြောကြားခဲ့သည်။
ပထမတန်းနှင့် ဒုတိယတန်း သင်ရိုးမူကြမ်းများကိုလာမည့် ဧပြီလ ၇ ရက်နေ့မှာ အပြီးသတ်မှာဖြစ်ပြီး၊ မူချောကိုတော့ ဧပြီလကုန်မှာ အားလုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု ဦးဇော်ဝင်းနိုင်က ဆိုသည်။
ယခုဆွေးနွေးမှုတွင် ကော်မတီဝင် ၁၆ ဦးတက်ရောက်ခဲ့ပြီး၊ ကျန်သော ကော်မတီဝင်များမှာ နယ်မှစစ်တွေသို့ လာရောက်နေဆဲဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- နေဇော်(သံတွဲ))