Saturday, April 6, 2013

ရက္ခိုင့်တပ်မတော် အခြေခံစစ်ပညာသင်တန်းအမှတ်စဉ်(၁၁)ဆင်းပွဲအခမ်းအနားကျင်းပ

ရက္ခိုင့်တပ်မတော် အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ် (၁၁) ဆင်းပွဲ အခမ်းအနားကို  အဆိုပါ တပ်ဖွဲ့ အခြေစိုက်ရာ ကချင်နယ်မြေတွင် ဧပြီလ ၅ ရက်၊ ယနေ့နံနက်က ကျင်းပ ပြုလုပ်ခဲ့သည်။
Arakan-Army
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်၊နှင့် ရက္ခိုင့်တပ်မတော် စစ်ရုံးချုပ်မှ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်၊ရဲဘော်များ၊ ကချင်လွှတ်မြောက်ရေး တပ်မတော် မှ သက်ဆိုင်ရာ တာဝန် ရှိသူများ၊ မြောက်ပိုင်း မဟာမိတ် တော်လှန်ရေး အဖွဲ့အစည်း အသီးသီးမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသော အထူး ဧည့်သည်တော်များ၊ မြို့မိ မြို့ဖများ အပါအ၀င် အင်အား (၃၀၀) ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
“ ဒီအမှတ်စဉ် (၁၁) အခြေခံ စစ်ပညာသင်တန်းမှာ သင်တန်းသူ သင်တန်းသား  ၈၂ ဦး တက်ရောက်ခဲ့ပါတယ်။ အဲဒီ အထဲမှာ သင်တန်းသူက (၃) ဦး ပါဝင်ပါတယ်။ သင်တန်းကာလ ၄ လ ကြာမြှင့်ပါတယ်” ဟု ရက္ခိုင့် တပ်မတော် ဒုစစ်ဦီးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က နိရဉ္စရာသို့ ပြောကြားသည်။
သင်တန်းကာလမှာ (၄) လထိ ကြာမြှင့်ခဲ့သော်လည်း တိုက်ပွဲ ကြားကာလ ဖြစ်သဖြင့် နားလိုက်၊  ပြန်ပြုလုပ်လိုက်ဖြင့် ရက်ပေါင်း  ၆၀ သာ အခြေခံ စစ်ပညာသင်တန်းကို ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။
သင်တန်း (၄) လတာ အချိန်ကာလအတွင်း အခြေခံ စစ်ပညာကိုသာမက ရက္ခိုင့်တပ်မတော်၏ စိတ်နေစိတ်ထားနှင့် ဖွဲ့စည်းပုံ၊ တော်လှန်ရေး သဘောတရားများ၊ အမျိုးသား နိုင်ငံရေး အကြောင်းနှင့် ကျန်မာရေး အကြောင်းအရာများကို လည်း ရက္ခိုင့်တပ်မတော်မှ အရာရှိကြီးများက ပို့ချ သင်ကြားခဲ့သည်ဟု ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။
အခြေခံ စစ်ပညာသင်တန်း ပြုလုပ်ခဲ့သည်မှာ (၁၁) ကြိမ်ရှိခဲ့ပြီ ဖြစ်သဖြင့် ရက္ခိုင့်တပ်မတော်၏ ရဲဘော်အင်အားကို နိရဉ္စရာမှ မေးမြန်းရာ ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်မှ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရ အဆိုပါ မေးခွန်းကို ဖြေကြားရန်မသင့်ဟု ပြောဆိုသည်။
နိရဉ္စရာမှ ဆက်လက်ပြီး ရက္ခိုင့်တပ်မတော်အား ရခိုင်ပြည်သူများမှ မျှော်လင့်နေကြသဖြင့် မည်သည့် အချိန်တွင် ရခိုင်ပြည်ဘက်သို့ တပ်ကို ပြောင်းရွှေ့ရန် စီစဉ်ထားပါသလဲ ဟု မေးမြန်းရာ သူက ယခုလို ပြန်လည် ဖြေကြားသည်။
Arakan--Army
“ ဒါက အချိန်ကာလ တစ်ခုကို ပြောဖို့တော့ခက်ခဲပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရခိုင်သွားဖို့ ကိစ္စကတော့ ရက္ခိုင့်တပ်မတော်ရဲ့ သေရေး ရှင်ရေးတမျှအရေးကြီးတဲ့ အခြေအနေ တစ်ခုနဲ့လည်း သက်ဆိုင်နေပါတယ်။ သွားဖို့ လာဖို့ ဆိုတာကတော့ ရခိုင်တော်လှန်ရေး သမိုင်းမှာ  အတိတ်က အရိပ်ဆိုးတွေ၊ အရိပ်မဲကြီးတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စ အပေါ်မှာ ကျွန်တော်တို့ တော်တော့ကို သတိထားပါတယ်။ ဒါကြောင့် ဘယ်အချိန်မှာ ရခိုင်ကိုသွားမယ်ဆိုတာကိုတော့ နည်းနည်း ပြောဖို့ခက်ခဲ ပါလိမ့်မယ်။”
ယခုအခါ ကချင် KIO နှင့် ဦးသိန်းစိန် အစိုးရ အကြား ငြိမ်းချမ်းရေး စကားပြောနေသဖြင့် ရက္ခိုင့်တပ်မတော်ရဲ့ အနာဂတ် အခြေအနေ မည်သို့ ဖြစ်လာနိုင် ပါသလဲ ဟု မေးမြန်းရာ အကောင်းဆုံးဘက်ကို မျှော်လင့် ထားကြောင်း သူက ပြောဆိုသည်။
ရက္ခိုင့်တပ်မတော်နှင့် ဦးသိန်းစိန် အစိုးရတို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးရန် အစီအစဉ် အလားအလာများ ရှိပါသလားဟု မေးမြန်းရာ ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ယခုလို ပြောကြားသည်။
“ လောလောဆယ်မှာတော့ ဦးသိန်းစိန် အစိုးရဘက်က ကျွန်တော်တို့ကို ကမ်းလှမ်းလာတာတော့ မရှိသေးဘူး။ တကယ့်လို့ ကမ်းလှမ်းလာမယ်ဆိုရင်လည်း စစ်မှန်တဲ့ ကမ်းလှမ်းမူ အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့  ဘာလုပ်သင့်သလဲဆိုတာကို ဒီမှာ စဉ်းစား ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
လက်ရှိ ရက္ခိုင့်တပ်မတော် အနေဖြင့် ကချင် စစ်မြေပြင်တွင် အဓိက မည်သည့် လုပ်ငန်းများကို ဆောင်ရွက် နေပါသလဲဟု မေးမြန်းရာ သူက ယခုလို ဆက်ပြောသည်။
“ ရက္ခိုင့်တပ်မတော် အနေဖြင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဆိုတာ ရှိတယ်။ ကျွန်တော်တို့က မဟာမိတ် ဖြစ်တာနဲ့ အညီ မိမိရဲ့ မိတ်ဆွေမှာ  ပြဿနာ ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ရက္ခိုင်တပ်မတော် အနေနဲ့ လိုအပ်နေတဲ့ ကွက်လပ်တွေကို အတတ်နိုင်ဆုံး ဖြည့်စွမ်းပြီးတော့ ရှေ့တန်း စစ်မြေပြင်မှာ ကျွန်တော်တို့ ရဲဘော် ရဲဘက်တွေက စွန်းစွန်းတမံ တာဝန် ထမ်းဆောင်နေပါတယ်။ စစ်ပွဲ ဖြစ်လာတဲ့ အချိန်ကတည်းက သေနတ်သံ တိတ်နေတဲ့ အချိန်ထိ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခု တည်ထောင်နေသော ရက္ခိုင့်တပ်မတော်မှာ ယခင် ဗိုလ်ရာဇာ တည်ထောင်ခဲ့သော ရခိုင့်တပ်မတော်နှင့် တစ်စုံတစ်ရာ ဆက်နွယ် ပတ်သက်မူ မရှိဘဲ ဗိုလ်ရာဇာ ကျဆုံးပြီးနောက် ရခိုင်ပညာတတ် လူငယ်များက ကချင်နယ်မြေတွင် နောက်ထပ် တပ်မတော် တစ်ခုကို ရခိုင်အမျိုးသားများ အတွက် တည်ဆောက်နေခြင်း ဖြစ်သည်ဟု သိရသည်။
လက်ရှိ ရက္ခိုင့်တပ်မတော်၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ဖြစ်ပြီး လက်ရှိ အခြေအနေတွင် တပ်အင်အားမှာ ထောင်ဂဏန်း အထက်ရှိနေပြီ ဖြစ်ကြောင်း ရက္ခိုင့်တပ်မတော်နှင့် နီးစပ်သူများက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: