ရက္ခိုင့်တပ်မတော် စစ်ရုံးချုပ် သင်ကြားရေးနှင့် လေ့ကျင့်ရေးဌာနမှ ဦးစီးဖွင့်လှစ်သော အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဧပြီလ(၅)ရက်နေ့က လှိုင်းစာရာ စစ်သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရက္ခိုင့်တပ်မတော်၏ အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ အခမ်းအနားရက္ခိုင့်တပ်မတော်၏ အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ အခမ်းအနား
သင်တန်းဆင်းပွဲအခမ်းအနားတွင် ရက္ခိုင့်တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်က " တိုင်းပြည်နဲ့ လူမျိုးက အမှန်တကယ်လိုအပ်နေတဲ့၊ ရက္ခိုင်သမိုင်းက အမှန်တကယ် တောင်းဆိုနေတဲ့ သမိုင်းကွက်လပ်ကြီး တစ်ခုကို အပြည့်အဝဖြည့်စွမ်းဆောင်ရွက်ကြတဲ့ နေရာမှာ သာမန်စွမ်းဆောင်ရုံလောက်နဲ့ တင်းတိမ်းမနေဘဲ အပြောင်မြောက်ဆုံး ပေးဆပ်စွန့်လွှတ်သွားကြရန် လိုအပ်တယ်။ " ဟု ပြောကြားခဲ့သည်။
လက်ရှိကာလတွင် ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများအား အတူတကွစည်းစည်းလုံးလုံးနှင့် ဖြေရှင်းဆောင်ရွက်သွားရန်မှာလည်း အရေးကြီးကြောင်း မဟာမိတ်အဖွဲ့အစည်းများအား အဆိုပါ အခမ်းအနားတွင် ဒေါက်တာညိုထွန်းအောင်က တိုက်တွန်းခဲ့ကြောင်း သိရသည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့အစည်းများကိုယ်စား မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီ ဥက္ကဌ ရဲဘော်သံခဲက " တော်လှန်ရေး စစ်သားတစ်ယောက်အတွက် အရေးကြီးဆုံးတာဝန်တစ်ခုကတော့ သစ္စတရားခိုင်မြဲမှုပါပဲ။ တော်လှန်ရေးသမားအချင်းချင်း၊ တော်လှန်ရေး အဖွဲ့အစည်းအချင်းချင်းကြားမှာ သစ္စာမဖောက်ဖို့ အထူးတလည် လိုအပ်ပါတယ်။ " ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရက္ခိုင့်တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်၊ ရက္ခိုင့်တပ်မတော် စစ်ရုံးချုပ်မှ စစ်ဦးစီးအရာရှိများ၊ တပ်မှူးများ၊ အရာခံ၊ အကြပ်စစ်သည်များ၊ ရဲဘော်များ၊ သင်တန်းကျောင်းသား/သူများ၊ စစ်ဖက်နယ်ဖက်ဆိုင်ရာ တာဝန်ရှိလူကြီးများ၊ မဟာမိတ် ကချင်လွတ်မြောက်ရေးတပ်မတော်မှ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြောက်ပိုင်းတောင်လှန်ရေးအဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့မိမြို့ဖများအပါအဝင် အင်အား(၃၀၀)ခန့် တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
အခမ်းအနားတွင် ထူးချွန်ဆု ရရှိကြသော သင်တန်းဆင်းကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ပြီး ကျောင်းသား/ကျောင်းသူများက ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်အဖြစ် သစ္စပြုကျမ်းကျိန်လွှာကို ရွတ်ဆို၍ သစ္စာရေသောက်ကာ ရက္ခိုင့်တပ်မတော်၏ တပ်ဖွဲ့ဝင်များအဖြစ် အသီးသီးခံယူကြသည်။
ရက္ခိုင့်တပ်မတော်၏ အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ အခမ်းအနားရက္ခိုင့်တပ်မတော်၏ အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ အခမ်းအနား
အခမ်းအနားကို နံနက်(၆)နာရီမှ (၁၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး ပရိသတ်များကို နေ့လည်စာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
သင်တန်းကာလ၌ အခြေခံစစ်ပညာကိုသာမက ရက္ခိုင့်စစ်သမိုင်း၊ ရက္ခိုင့်တပ်မတော်၏ စိတ်နေစိတ်ထား၊ တော်လှန်ရေး သဘာတရားများ၊ ကျန်းမာရေးနှင့် အမျိုးသားနိုင်ငံရေးအကြောင်းများကိုလည်း ရက္ခိုင့်တပ်မတော်မှ အရာရှိကြီးများက သင်ကြားပို့ချပေးခဲ့ပြီး အခြေခံစစ်ပညာသင်တန်း အမှတ်စဉ်(၁၁)သည် သင်တန်းစဖွင့်ချိန်ကာလများ၌ တိုက်ပွဲများပြင်းထန်နေချိန် ကာလနှင့် ကြုံကြိုက်နေခဲ့၍ (၄)လတာခန့် ရှည်လျားခဲ့သော်လည်း သင်တန်းလေ့ကျင့်ပြသချိန်မှာ တိုတောင်းခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)