Wednesday, April 24, 2013

ရဲမင်းဦးကို ဖမ်းဆီးထားသဖြင့် ၀န်ကြီး ဦးအောင်မင်းနှင့် အဖွဲ့အား နယူးယောက်တွင် ဆန္ဒပြ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ (ဗကသ) ဖြစ်မြောက်ရေးကော်မတီ (ယာယီ) အထွေထွေ အတွင်းရေးမှုး ရဲမင်းဦးအား မြန်မာ အစိုးရမှ ဖမ်းဆီး ထားသဖြင့် မြန်မာ တိုင်းရင်းသား စုစုပေါင်း ၁၀၀ ခန့်က  နယူးယောက်မြို့သို့ ရောက်ရှိနေသော  ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် အဖွဲ့အား ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။
Arakanese-protest-USA
ဆန္ဒပြပွဲအား ဦးအောင်မင်းနှင့် အဖွဲ့ တည်းခိုနေသည့် နယူးောာက်မြို့ ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် တိုင်းရင်းသားပေါင်းစုံက ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
“ ဆန္ဒပြပွဲကို ဧပြီလ (၂၁) ရက်၊ နေ့လည် (၁) နာရီကနေ  ညနေ (၄) နာရီထိ ပြုလုပ်ခဲ့ကြပါတယ်။ စုစုပေါင်း လူဦးရေ (၁၀၀) ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ရဲမင်းဦးအား အမြန်ဆုံး ပြန်လည် လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင် စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ကိုတင့်ဝေက ပြောသည်။
ကျောင်းသား ခေါင်းဆောင်ရဲမင်းဦးအား ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ဦးသာသနာ ကျောင်းတိုက်မှ မတ်လ ၂၅ ရက်နေ့ ညနေ ၉ နာရီတွင် အာဏာပိုင်များက တစ်စုံတစ်ရာ ဖမ်းဝရမ်း မပါဘဲ ဖမ်းဆီး ခေါ်ယူသွားခဲ့သည်။ ထိုသို့ ဖမ်းယူသွားပြီးနောက် ဧပြီလ ၄ ရက်နေ့  နံနက်ပိုင်းက ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော် အကြည်ညို ပျက် စေမှုပုဒ်မ ၅၀၅ (ခ) နှင့် ရုံထုတ်ခဲ့သည်။
ဆန္ဒပြပွဲကို စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ကိုသန်းတင်က ယခု ဖမ်းဆီးမူမှာ ဥပဒေမဲ့ လုပ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်။
“ကျနော်တို့က ကိုရဲမင်းဦးကို ချက်ချင်းပြန်လွတ်ပေးဖို့ တောင်းဆိုတာဖြစ်တယ်၊ ဘာဖြစ်လို့ဆိုတော့ သူမှာ အပြစ်မရှိဘူး။ ခိုင်လုံတဲ့အထောက်အထားတွေလည်း ဘာမှ မပြနိုင်ဘူး။ ဒီလိုဖမ်းထားတာဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်။ အမျိုးသား ရင်ကြား စေ့ရေးနဲ့ ဒီမိုက ရေစီဖော်ဆောင်ရေးတွေကို ထိခိုက်စေတယ်” ဟုပြောသည်။
Arakanese-protest-in-USA
ကိုရဲမင်းဦးမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း အဖမ်းခံခဲ့ရပြီး ထောင် (၄) နှစ်ချမှတ်ခံခဲ့ရသည်။ ရွှေဝါရောင် တော်လှန်ရေး  မတိုင်မှီက သူသည် စီးပွားရေး တက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသား တစ်ဦးဖြစ်သည်။
ယခုဖမ်းဆီးမူမှာ အစ္စလာမ်ဘာသာဝင်များအား မြန်မာအာဏာပိုင်များက မိတ္ထိလာကိစ္စဖြင့် နှစ်သိမ့်လို၍ ရခိုင်လူမျိုး တစ်ဦး ဖြစ်သော ကျောင်းသား ခေါင်းဆောင် ရဲမင်းဦးကို ထိုးကျွေးခြင်း အဖြစ် ရခိုင်အမျိုးသား အများစု က မြင်နေကြသည်။
ဆန္ဒပြသူများသည် သမတ ဦးသိန်းစိန်ထံသို့လည်း ပြည်ထောင်စုဝန်ကြီးများမှတဆင့် အိပ်ဖွင့်ပေးစာ တစ်စောင်ကို ပေးပို့ခဲ့ကြသည်။ ယင်းစာထဲတွင် ၁၉၈၂ ခုနှစ် လူဝင်မှု အခြေခံ အက်ဥပဒေအတိုင်း နိုင်ငံသားဖြစ်ရေး/မဖြစ်ရေးကိစ္စများကို သေချာစိစစ်ပြီး ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသွားရန်နှင့် ခိုးဝင်လာကြသည့် ဘင်္ဂါလီများအား ဒေသခံပြည်သူလူထုဧ။် ဆန္ဒမပါပဲ ပြန်လည်နေရာချထားရေးကိစ္စများကို မပြုလုပ်ရန် တောင်းဆိုထားကြကြောင့် ဆန္ဒပြပွဲကို  စီစဉ်သူ တစ်ဦးဖြစ်သူ ကိုတင့်ဝေ ကပြောသည်။
ဆန္ဒပြသူများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို အလိုမရှိ၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်မြောက်ရေး- ဒို့အရေး၊ လူမျိုးရေး ဘာသာရေး အဓိဂရုဏ်း အလိုမရှိ စသည့် ကြွေးကြော်သံများကိုလည်း ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: