Monday, June 10, 2013

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တိုင်းရင်းသားဘာသာစကား ရှစ်မျိုးဖြင့် လွှင့်မည်

နိုင်ငံပိုင် ရုပ်သံတစ်ခုဖြစ်သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် တိုင်းရင်းသား ဘာသာစကား ရှစ်မျိုးဖြင့် ထုတ်လွှင့်မည့်အစီအစဉ်ကို လာမည့် စက်တင်ဘာလတွင် စတင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

ပထမဦးဆုံး ချင်းဘာသာနှင့် ကရင်ဘာသာစကားများကို စလွှင့်ပေးနေကြောင်း၊ ကရင်ဘာသာဆိုလျှင် အရှေ့ပိုး၊ အနောက်ပိုး၊ စကောကရင် ဆိုပြီးရှိကြောင်း၊ယခုလက်ရှိအရှေ့ပိုးနှင့် စလွှင့် မည်ဖြစ်ကြောင်း နောက်ကျန်သော ဘာသာများကို ဆက်လွှင့် မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

"တိုင်းရင်းသားလူမျိုး ဘာသာစကား ၁၀၀ ကျော်လုံးကို လွှင့်နိုင်ဖို့ဆို ဘတ်ဂျက်ရှိဖို့ လိုအပ်တယ်" ဟု ဦးရဲထွဋ်က ဆိုသည်။

မြန်မာ့အသံ ရေဒီယိုတွင်မူ တိုင်းရင်းသားဘာသာစကား ရှစ်မျိုး အစီအစဉ် ထုတ်လွှင့်နေပြီး ယခုမြန်မာ့ရုပ်မြင်သံကြားတွင်ပါ အလားတူ လွှင့်နိုင်ရန် ကြိုးပမ်းနေကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရုပ်သံရိုက်ကူးရေး ဝန်ထမ်း အမျိုးသားတစ်ဦးက ပြောဆိုသည်။

ပုဂ္ဂလိကပိုင်ဆိုင်သော Skynet ရုပ်သံဌာနတွင် တိုင်းရင်းသား Channel အစီအစဉ်များ ထုတ်လွှင့်နေပြီဖြစ်သည်ကို တွေ့ရသည်။ ယင်းတွင် တိုင်းရင်းသားလူမျိုးများ၏ အစားအသောက်များ၊ ဓလေ့ထုံးတမ်းများ၊ တိုင်းရင်းသားအကများ ထုတ်လွှင့်ပေးသည်။

အစိုးရပိုင် မီဒီယာများဖြစ်သော ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာ၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာ (Public Service Media) အဖြစ် ပြောင်းလဲလုပ်ဆောင်ရန် လိုအပ်သော ဘတ်ဂျက် ၇၀ ရာခိုင်နှုန်းကို လွှတ်တော်က ချပေးရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာန က ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားသည်။

မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဟူ၍ အဓိကလူမျိုးကြီး ရှစ်မျိုးရှိပြီး တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုးရှိသည်။

(သတင်းအရင်းအမြစ်- The Voice Weekly's Facebook page)

No comments: